၁၉၈၈ စက်တင်္ဘာ ၁၈ မှာ တပ်က အာဏာ သိမ်းတယ်၊ သိမ်းပြီး နောက်နေ့
ဆန္ဒပြ ထွက်တဲ့သူတွေ အကုန်ပစ်ခံရတယ်။ ခေါင်းစည်း နဲ့ လူကို ပစ်၊ အလံကိုင်ထားတဲ့ လူကို
ပစ် ဆိုပြီး သေချာပစ်တာ။ နယ်က တပ်တွေကို ရန်ကုန်ကို ဗကပ သိမ်းထားပြီ လို့ ပြောပြီး
၊ ခေါ်လာပြီး ပစ်ခိုင်းတာလို့ နောက်တော့ သတင်းထွက်လာတယ်။ အမေရိကန် သံရုံးဝန်ထမ်းတွေကို
ကာကွယ်ဖို့ဆိုပြီး ရောက်နေတဲ့ အမေရိကန် စစ်သင်္ဘော ကိုလည်း အကြောင်းပြတယ်။ စီအိုင်အေ
နဲ့ ဗကပ ပူးပေါင်းပြိး မဆလ အစိုးရကို တိုက်တယ် ဆိုတာ သိပ်မဖြစ်နိုင်တာနဲ့ နောက်မပြောတော့ဘူး။
မြေအောက် လက်နက်ကိုင် ဗကပ သူပုန် နဲ့ မြေပေါ် ဗကပ UG တွေ ပေါင်းပြိး ၈၈ အရေးအခင်းကို
နောက်က ကြိုးကိုင်တယ် ဆိုပြိး အတင်း ပုံဖေါ်တော့တယ်။
မြန်မာပြည်မှာ
ဘာဖြစ်ဖြစ် ရှေ့ဆုံးက လမ်းပြ တဲ့ ဦးအောင်ကြိး က ၈၈ ဒီဇင်္ဘာမှာ NLD ထဲက လူရှစ်ဦး ဟာ
ကွန်မြူနစ်တွေ၊ သူတို့က ကြိုးဆွဲတယ် ဆိုပြိး စွပ်စွဲတယ်။ အထောက်အထားပြဖို့ ငြင်းခုံကြပြီး နောက်မဲခွဲတော့ သူရှုံးပြီး ကတိ အတိုင်း
NLD က ထွက်လိုက်ရတယ်။ တပ် က သတင်းစာ ရှင်းလင်းပွဲတွေကတော့ ဗကပ ကိုပဲ တောက်လျှောက်စွပ်စဲလာတယ်။
၁၉၈၉ သြဂုတ်မှာ ဗိုလ်ချုပ်ခင်ညွန့်က သတင်းစာ ရှင်းလင်းပွဲမှာ ဗကပ တွေ ဘယ်လိုကြိုးကိုင်သွားလဲ
ဆိုတဲ့ အထောက်အထား တွေကို ၆ နာရီကြာ တင်ပြရှင်းလင်းတယ်။ အဲဒီ ရှင်းလင်းချက်တွေကို
စာအုပ်ထုတ်တာ အုပ်ရေ တသန်းကျော် ရောင်းရတယ် ဆိုတယ်။ ဆရာမင်းလူ က “သူ့စာအုပ်ဟာ ပလာစာအုပ်
ကလွဲရင် အရောင်းရဆုံး ဆိုပါလား” ဆိုပြီး နောက်သေးတယ်။
အခုတော့
သူစွပ်စဲထားတွေဟာ မခိုင်လုံဘူး၊ မဟုတ်ဘူး ဆိုပြီး Bertil Lintner ရှင်းလင်းထားတွေကို
ဆရာကျော်ဝင်း ဘာသာပြန်ထားတဲ့ စာအုပ် ထွက်လာမှ ဖတ်ရတယ်။
နောက်ခံ
အကြောင်းတွေကို အရင်ပြောမယ်။ ပျင်းတဲ့လူ ကျော်ဖတ်။ အောက်က “အဆက်” ကနေ ဆက်ဖတ်ပါ။
ဖက်ဆစ် ဂျပန် တော်လှန်ရေးမှာ ဘီအိုင်အေ အပြင်၊ အရပ်သား ထဲက
ကွန်မြူနစ်တွေ ၊ ပြောက်ကျားတွေ ပါခဲ့ကြတယ်။ အင်္ဂလိပ် က ပြန်အုပ်ချုပ်ဖို့ ပြန်ရောက်လာတော့
မြန်မာတွေက လွပ်လပ်ရေးကိုပဲ တောင်းကြတယ်။ နောက် မနိုင်တာနဲ့ ဗိုလ်ချုပ်တို့ပါတဲ့ ကြားဖြတ်
အစိုးရ ဖွဲ့ပေးလိုက်ရတယ်။ ဗိုလ်ချုပ်တို့ အစိုးရ ဖြစ်သွားတာနဲ့ ကျန်နေခဲ့တဲ့ လူတွေအားလုံးက
auto အတိုက်အခံ ဖြစ်သွားတယ်။ ဗိုလ်ချုပ်တို့
အင်္ဂလိပ်နဲ့ ချုပ်တဲ့ စာချုပ်အားလုံးကို မတရားဘူး လို့ ပြောတယ်။ ဗိုလ်ချုပ်တို့က
အလျော့ပေးတယ်၊ လက်နက်ချတယ်၊ အင်္ဂလိပ် နဲ့ ပူးပေါင်းသွားပြီ လို့ ဆက်တိုက် စွပ်စွဲကြတယ်။
အခွန်မဆောင်ကြဖို့၊ လယ်တွေကို လုပြီး ဆင်းရဲသားတွေကို ဝေဖို့၊ ဆင်းရဲသားတွေကို ရန်ကုန်
မြို့ထဲ တက်လာပြိး ( မင်းမနိုင် ရပ်ကွက် ) အတင်းတဲထိုး နေကြဖို့ ကွန်မြူနစ်တွေက ဦးဆောင်ကြတယ်။
သခင်စိုး ကပြောတော့ အောင်ဆန်း အင်္ဂလိပ် နဲ့ ညှိတဲ့ အချိန်မှာ အသာစီး ရအောင် အပြင်က ကြပ်ပေးနေတာလို့
ပဲ ပြောတယ်။ ဂျပန် က စည်းမရှိ၊ ကမ်းမရှိ ဆုတ်သွားတော့ ကျန်ခဲ့တဲ့ လက်နက်တွေ ကို ဖွက်ကိုင်ပြီး
လက်နက်ကိုင် တိုက်မှ လွတ်လပ်ရေး စစ်မယ် ဆိုပြီး သွေးကြွနေကြတယ်။ သူတို့ ဖိအားပေးလွန်းလို့
တနှစ်အတွင်း လွတ်လပ်ရေး ရစေရမယ် လို့ ဗိုလ်ချုပ်မှာ ကတိ ပေးလိုက်ရတယ်။ ၁၉၄၇ ဥပဒ ကို
ကမန်းကတန်း ဖြစ်သလို ရေးရတယ်။ စံနစ်တကျ အချိန်ပေး မလုပ်နိုင်တော့ဘူး ဖြစ်လာတယ်။
အတိုက်အခံ ဘက်က မိုက်သလို၊ အစိုးရ လုပ်တဲ့ မြန်မာဘက် က လည်း
ရိုင်းတယ်။ အင်္ဂလိပ်ခေတ်က လို နိုင်ငံရေး အကျဉ်းသားကို respect မထားတော့ပဲ သာမန် ရာဇဝတ်သား
သူခိုး ဓါးပြ လို ဆက်ဆံတယ်၊ ရိုက်တာနှက်တာ လုပ်လာတယ်။ မြန်မာပီပီ၊ မြန်မာ့သွေးကို ပြကြတယ်။
ယုတ်မာတဲ့ အင်္ဂလိပ် ကလည်း တော်ရုံလက်မလျော့ဘူး။ လွတ်လပ်ရေး
ရရင် တောင် ဓနသဟာယ ( commonwealth ) ထဲမှာ နေပါ ဆိုပြီး ဈေးဆစ်တယ်။ ဗိုလ်ချုပ်က လက်ခံချင်ပေမယ့်
ကွန်မြူနစ်တွေ ကန့်ကွက်လို့ ပယ်ချလိုက်ရတယ်။ အင်္ဂလိပ် က စိတ်ဆိုးပြိး တိုင်းရင်းသားတွေ
ဘက်လှည့်သွားတယ်။ မင်းတို့တွေ ငါတို့နဲ့ commonwealth ထဲမှာ လာပေါင်း၊ အချိန်မရွေး
welcome ပဲ လိုက်ပြောတယ်။ အဲဒီလို အားကိုးရှိတော့ တိုင်းရင်းတွေ ကလည်း ဗိုလ်ချုပ်နဲ့ ညှိတဲ့ အချိန်မှာ key မြင့်လာတယ်။
တန်းတူ ဖြစ်ရမယ်၊ ၁၀ နှစ် ပေါင်းကြည့်မယ်၊ မကြိုက်ရင် ခွဲထွက်ခွင့် ပေးရမယ် တောင်းတယ်။
ဘက်ပေါင်းစုံက ဝိုင်းကြပ်လို့ အရူးမီးဝိုင်း ဖြစ်နေတဲ့ ဗိုလ်ချုပ်လည်း လုပ်ကြံခံရတော့
အလိုလို ဝဋ်ကျွတ်သွားတော့တယ်။ ဘယ်သူ လုပ်ကြံတာလဲ ပေါ်အောင် လိုက်နေရင် လွတ်လပ်ရေး ရတာ
နောက်ကျသွားမယ် ဆိုပြီး ဘုရင်ခံ က ညှိလို့ သေချာ ဆက်မလိုက်တော့ဘူး။ ဦးစော မှာတင် ပြီးသွားတယ်။
၁၉၄၈ ဇန်နဝါရီ ၄ ရက် မှာ လွတ်လပ်ရေး ရတယ်။ ဦးနု က ဗေဒင်
ဆရာ နဲ့တိုင်ပင်ပြီး မနက်အစောကြီး အခမ်းအနား ကို လုပ်တော့ အင်္ဂလိပ် တယောက် က စိတ်ဆိုးပြီး
၊ လုပ်ကြပေါ့ကွာ၊ ငါတို့က ဒီနေ့ တရက်ပဲ အိပ်ရေးပျက်တာ၊ မင်းတို့က နောက် နေ့တိုင်း အိပ်ရေး
ပျက်မှာ လို့ ကျိန်ဆဲ သွားတယ်။
နောက်တလ ၁၉၄၈၊ feb မှာ အိန္ဒိယ မှာ ကွန်မြူနစ်၊ လူငယ်
conference တွေ လုပ်တော့ အိန္ဒိုယ နဲ့ မြန်မာ လူငယ် ကွန်မြူနစ်တွေက ကျွန်တော်တို့ နိုင်ငံတွေက
ခေါင်းဆောင်တွေဟာ နယ်ချဲ့နဲ့ ပူးပေါင်းသွားပြီး၊ အတုအယောင် လွတ်လပ်ရေးတွေ ရယူခဲ့ပါတယ်လို့
စွတ်စွဲခဲ့ ကြတယ်။ အဲဒါကို မြန်မာအစိုးရ က မကျေနပ်ဘူး။ အဲဒီ အချိန်မှာ ကွန်မြူနစ်တွေ
အာဏာ ရနေပြီးသား နိုင်ငံကြီး ၂ ခု ရှိနေပြီ။ ဆိုဗီယက် ရုရှားမှာက အလုပ်သမားတွေ အထွေထွေ
သပိတ်တွေ မှောက်ရာကနေ လက်နက်ကိုင်ပြီး အာဏာပါသိမ်းလိုက်တယ်၊ အဲဒါကို ဗကပ က “သပိတ်စုံ၊
သူပုန်ထ” လမ်းစဉ်လို့ နံမည်ပေးထားတယ်။ တရုတ်ပြည်မှ ကျတော့ မော်စီတုန်းက ကျေးရွာသား
တွေကို နိုင်ငံရေး သင်တန်း၊ စစ်သင်တန်းတွေ ပေးပြီး မြို့တွေကို သိမ်းယူပြိး အာဏာ ရလာတယ်။
အဲဒီနည်းကိုတော့ “ကျေးလက် အခြေခံ၊ မြို့ဝိုင်း” ဆိုပြီး ခေါ်တယ်။ အဲဒီခေတ် ကွန်မြူနစ်
အိမ်မက် က တကမ္ဘာလုံးမှာ ရှိတဲ့ ကွန်မြူနစ်တွေက ကိုယ့်နိုင်ငံမှာ ကိုယ်အာဏာသိမ်း ပြီး
တကမ္ဘာလုံး ကွန်မြူနစ် ဖြစ်သွားလိမ့်မယ်။ အဲဒီလို အာဏာသိမ်းဖို့ကို တရုတ်၊ ဆိုဗီယက်
တို့က အကြံဥာဏ်၊ အကူအညီ ပေးလိမ့်မယ် ပေါ့။ အဲဒိလို စိတ်ကူးယဉ်ခဲ့ ကြတယ်။
ဗကပ ထဲမှာ နိုင်ငံရေး အာဏာ သိမ်းဖို့ လက်နက်ကိုင် မလား၊ ကိုင်ရင်
လမ်း ၂ ခု ထဲက ဘယ်လမ်း ရွေးမလဲ စဉ်းစားနေတုန်း လက်ရှိအစိုးရက ဥိးအောင် ဝင်ဖမ်း ရာကနေ ၁၉၄၈ မတ်လ ( လွတ်လပ်ရေး ရပြီး ၂လ ) မှာ ဗကပ တွေ
တောခိုသွားတယ်။ တိုင်းရင်းသား တချို့လည်း လူမျိုးရေး အတွက် လက်နက်ကိုင်ကြတယ်။ ရောင်စုံ
သူပုန် ခေတ်ကို ရောက်တယ်။ အစိုးရ နဲ့ သူပုန် စစ်တိုက်ရင်း စစ်တပ်က နေရာ ပိုရလာတယ်။
မင်းတို့ ၂ ယောက် တိုက်နေတာ၊ ငါတို့က ဘာဖြစ်လို့ ကြားထဲက အလကား အသေခံ ရမှာလည်း လို့
ပြောလာတယ်။ အလကား တော့ မခံဘူး ဆိုရကနေ ၁၉၅၅ ကနေ ၅၈ အတွင်းမှာ တပ်မတော် က ကာကွယ်ရေး
တင် မဟုတ်ပဲ၊ နိုင်ငံရေးမှာပါ ပါဝင်ရမယ် ဆိုပြီး တရားဝင် တောင်းဆိုလာတယ်။ တိုက်ပွဲတွေမှာ
အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ ဗကပ တွေ ၁၉၅၁ လောက်မှာ တရုတ်အစိုးရ ဆီ ပြေးပြီး အကူအညီ တောင်းကြတယ်။
တရုတ်က ဦးနု ရဲ့ ဘက်မလိုက်ဝါဒ ကြောင့် ဗကပ ကို နိုင်ငံရေး သင်တန်း လောက်ပဲ ပေးပြီး
စောင့်ကြည့်နေတယ်။
ပါလီမန် ခေတ်မှာလည်း အင်္ဂလိပ် အစိုးရ ကို အတိုက်အခံ ချည်း
လုပ်လာတဲ့ မြန်မာတွေ ကိုယ် ကိုယ်တိုင် အာဏာ ရတော့ လုကြ၊ ဆော်ကြ၊ ကွဲကြ ပဲ။ တောမခိုတဲ့
မြေပေါ် ဆိုရှယ်လစ် နဲ့ တပ်က တဘက်၊ ပါလီမန် ဒီမိုကရေစီ သမားတွေက တဘက် ဖြစ်လာတယ်။ အဲဒီလို
အခြေအနေဆိုးတွေကို အကြောင်းပြပြီး ၁၉၅၈ မှာ အိမ်စောင့်အစိုးရ ဆိုပြီး ပထမ အကြိမ် တပ်က
အာဏာကို ယူလိုက်တယ်။ နောက် ၁၉၆၂ မှာ တပ်က အပြီး သိမ်းယူလိုက်တယ်။ အဲဒီမှာ ပြသနာ အသစ်တွေ
တသုတ် ထပ်ပေါ်တယ်။
အဲသည်က စပြီး တရုတ်က ဗကပ ကို ပေါ်တင် ကူညီတော့တယ်။ အာဏာ သိမ်းတာကို
ကျောင်းသားတွေ က စ ကန့်ကွက်တယ်။ ၁၉၆၂ ဇူလိုင် ၇ မှာ ကျောင်းသား သမဂ္ဂ ကို ဖြို ပစ်လိုက်တော့
ကျောင်းသား တွေ ထောင်နဲ့ ချီပြီး ဗကပ ဗဟို ရှိတဲ့ ပဲခူးရိုးမ ကို တောခို သွားကြတယ်။
ဖြစ်ချင်တော့ တရုတ်ပြည်မှာလည်း ဆိုရှယ်လစ် စီးပွားရေး စံနစ်
ကိုတည်ဆောက်ရင်း ငတ်ပြတ်ကုန်တယ်။ တရားခံ ရှာရင်း အာဏာ ကို လုကြ၊ ကာကွယ်ကြတယ်။ လူငယ်တွေကို
အသုံးချပြီး ကိုယ့်ပြိုင်ဘက် ကို ရှင်းတဲ့ ယဉ်ကျေးမှု တော်လှန်ရေး ဆိုတာကို ၁၉၆၆ မှာ
လုပ်ကြတယ်။ မြန်မာပြည်က တရုတ်ကျောင်းသား တွေက သံယောင်လိုက်ရင်း ၁၉၆၇ မှာ ဗမာတွေနဲ့
အဓိကရုဏ်း ဖြစ်ပြီး တောခို တရုတ်ကျောင်းသား တချို့ တရုပ်ပြည်နယ်စပ် က ဗကပ ဆီ ရောက်လာကြတယ်။
ပိုကံဆိုးတဲ့ ပဲခူးရိုးမ ဗဟိုမှာတော့ ဒီလိုပဲ တရုတ်ပြည်က ယဉ်ကျေးမှု တော်လှန်ရေးကို
သံယောင်လိုက် အတုခိုးရာ က ဖြုတ်၊ထုတ်၊ သတ်
တွေ ဖြစ်ပြိး ၁၉၆၂ တောခို ကျောင်းသား အတော်များများ သေကုန်တယ်။
မြန်မာပြည်တွင်းမှာလည်း ဦးနေဝင်း က ဆိုရှယ်လစ် စံနစ် နဲ့
သွားမည် ကြေငြာလိုက်ပြီး ဝါဒ ဖြန့်ချီရေး အဖွဲ့ကို အခု ကျင့်သုံးရမည့် ဆိုရှယ်လစ် စံနစ်အကြောင်း
ရေးခိုင်းတယ်။ ( အဖွဲ့ထဲက ကိုကိုမောင်ကြီး ( ဦးချစ်လှိုင် ) က သည်အကြောင်းတွေ ပြန်ရေးထားသည်
)။ ကျွန်တော်တို့တတွေ "တပ်မတော်က ပါလီမန်
ဒီမိုကရေစီကို ကာကွယ်သွားမည်" ဆိုပြီး တောက်လျှောက် ရေးလာတာ၊ အခု ဘယ်လို ပြောင်းရေး
ရမလဲ မေးတော့ ဒီိမိုကရေစီ နေရာမှာ တတ်နို်င်သလောက် ဆိုရှယ်လစ် ကို အစားထိုး ရေး ရမယ်
ဆိုပြီး ဖြစ်သွားတယ်။ ပြည်သူတွေ ကံကောင်းချင်တော့ ဥိးချစ်လှိုင် က ဗိုလ်ချုပ် နှင့်တွေ့တိုင်း
ဆိုရှယ်လစ် သဘောတရားတွေ မေးမြန်း နေကျ ဖြစ်တယ်။ လက်တွေ့ကျတဲ့ ဗိုလ်ချုပ်ရဲ့ ဆိုရှယ်လစ်
အမြင်တွေကို မှတ်ထားသလောက် နှင့် သူဖတ်ထားတာတွေ ပေါင်းပြိး လူနှင့် အညမည သဘောတရား ကို
ရေးတယ်။ နောက် အဲဒီစာအုပ် ကို ဦးနေဝင်း ကိုယ်တိုင် အသံလွှင့်ရုံက ဖတ်ပြပြီး တိုင်းပြည်ကို
ဒီစံနစ် နှင့် အုပ်ချုပ်သွားမည်လို့ ကြေငြာလိုက်တယ်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ
ကို တည်ထောင်လိုက်တယ်။ ဦးချစ်လှိုင် လည်း သွေးပျက်ပြီး တည်ထောင်ခါစ မဆလ ပါတီကနေ ထွက်ခွင့်တောင်းပြီး
ရှောင်ထွက်သွားခဲ့တယ်။ တောခိုရာက အလင်းဝင်လာတဲ့ ကွန်မြူနစ်ဟောင်း တွေ အပြင် တခြား ဆိုရှယ်လစ်
ဟောင်းတွေကပါ မဆလ ထဲမှာ အကြံပေး၊ ဝါဒဖြန့် အလုပ်တွေ ဝင်လုပ်လာကြတယ်။ အဲဒီ အချိန်မှာ
တပ်မတော် စိတ်ဓါတ်စစ်ဆင်ရေးက ကွန်မြူနစ် တွေ မကောင်းကြောင်း တွေကို ဝါဒ ဖြန့်လာတာ အတော်
အရှိန်ရနေပြီး ဖြစ်တယ်။
နောက် ၁၉၇၄ မေ၊ ဇွန် မှာ အလုပ်သမား သပိတ်တွေ ဆက်တိုက် ပေါ်လာတယ်။
ဦးသန့် အရေးအခင်း ဖြစ်တယ်။ စစ်တပ် က ထုံးစံအတိုင်း
အကြမ်းဖက် ပစ်ခတ် ဖြေရှင်းတယ်။ ထုံးစံ အတိုင်း ကွန်မြူနစ် တွေ ကြိုးကိုင်တယ်လို့ စွပ်စွဲတယ်။
သည်တခါတော့ တောခို ကျောင်းသားတွေ ဗကပ ဆီ မပြေး။ ထိုင်းနယ်စပ် က ဦးနု ပြည်ပြေး အစိုးရ
ဆီ ရောက်ကုန်ကြတယ်။ ကျောင်းသား နည်းနည်း သာ ဗကပ ဆီ ရောက်လာခဲ့တယ်။ နောက်ပိုင်း အစိုးရ
နှင့် ဗကပ က ညှိလိုက်၊ တိုက်လိုက် လုပ်နေခဲ့တယ်။ ၁၉၈၅ ဗကပ ပါတီ ကွန်ဂရက်မှာ သဘောထားတွေ
ကွဲကုန်ကြပြီ။ အဖိုးကြီးတွေက ရှေးကအတိုင်း နယ်ချဲ့ စံနစ်၊ ပဒေသရာဇ် စံနစ်၊ ဗျူရိုကရက်
အရင်းရှင် စံနစ် တွေ တော်လှန်ဖို့ ပြောတုန်းရှိသေးတယ်။ တောခိုလာသည့် လူငယ်တွေက အဲဒါတွေ
မရှိတော့ဘူး၊ လက်ရှိ ပြသနာတွေက မဆလ ရဲ့ စီမံကိန်း သီးနှံ၊ စပါးဈေးနှိမ် ဝယ်ယူမှု၊ မှောင်ခို
စီးပွားရေး၊ အစိုးရ ဝန်ထမ်း များ နှင့် တပ်က အရာရှိကြီးတွေ အလွဲသုံးစားလုပ်နေတာတွေ
ကသာ လက်ရှိ ပြသနာတွေ လို့ တင်ပြတာကို အဖိုးကြီးတွေက လက်မခံ။ တရုတ်အစိုးရ ဖက်ကလည်း ဗကပ
နဲ့ အဆက်အဆံ အထောက်အပံ့တွေ လျော့လာ တော့ လက်အောက်ခံ အဖွဲ့တွေကို မပေးနိုင်တော့ပဲ သြဇာ
မညောင်းတော့ ဖြစ်လာ၊ တခြားတခြားသော တရုတ်ပြည်မှ နိုင်ငံရေး၊ စီးပွားရေး ပေါ်လစီ အပြောင်းအလဲများ ကြောင့်လည်း
ဗကပ အဖွဲ့ကြီး အခြေမခိုင် ဖြစ်လာတော့တယ်။ တရုတ်ပြည်ကလည်း ဗကပ ကို နိုင်ငံရေး ပင်စင်ယူပြီး
အနားယူကြဖို့ ၁၉၈၁၊ ၁၉၈၅ ၊ ၁၉၈၈ တွေမှာ ကမ်းလှမ်းလာခဲ့တယ်။ အဲဒီိလို နောက်ခံ မှာ ၈၈
အရေးအခင်းကြီး ဖြစ်လာခဲ့တယ်။
အပေါ်က အဆက်
၁၉၈၈ လူထု အုံကြွမှုတွေ ဖြစ်တော့ ဗကပ လူကြီး ပိုင်းက သိပ်
မယုံစား၊ ပါတီက ကျင့်သုံးနေတဲ့ “ကျေးလက် အခြေခံ၊ မြို့ဝိုင်း” ဗျူဟာ နဲ့ ဆန့်ကျင်နေလို့
အားမပေးချင်။ လူငယ်ပါတီဝင် တွေက မြို့က သပိတ်သမားတွေ နှင့် ဆက်သွယ်ချင်တယ် ပြောတော့
အဖိုးကြီးတွေက ရေရှည်စစ် ကို သာ စဉ်းစားပါ၊ တိုက်ချင်ရင် ကျေးလက်ဒေသ တွေကိုသာ တိုက်မယ်
လို့ ဆုံးဖြတ်ပြီး မိုင်းယန်း ကို ခဏ ဝင်တိုက်တာသာ ရှိခဲ့တယ်။ ၁၉၈၈ စက်တင်္ဘာမှာ စစ်တပ်က
အာဏာ သိမ်းလိုက်တော့ တောခိုမည့် ကျောင်းသားတွေ ထောင်နဲ့ ချီပြီး ရောက်လာတာ ထိုင်း နယ်စပ်
နှင့် ကချင် ပြည်နယ်သာ ဖြစ်သည်။ ဗကပ နယ်မြေ ရောက်လာတာ ၅၀ မှ ၆၀ လောက်သာ ရှိခဲ့တယ်။
၁၉၈၉ နှစ်ဦးမှာ
တရုတ်ပြည်မှ ဗကပ သို့ မအောင်မြင် သည့် တော်လှန်ရေးကို စွန်လွှတ်ပြီး တရုတ်ပြည်တွင် အငြိမ်းစား
ယူကြရန် ဆိုပြီး တခေါက် ထပ်ညှိရာမှာ လျှို့ဝှက် အစည်းအဝေး မှတ်တမ်းများ ပေါက်ကြား
သွားပြီး ဒီအဖိုးကြီး တွေကို ထိလည်း တရုတ်ပြည်က ဘာမှ အရေးယူမှာ မဟုတ်ဆိုတာ ကို လက်အောက်ခံ
အဖွဲ့တွေ သိသွားတယ်။ မတ်လ မှာ ကိုးကန့် က ဗကပ
ဗဟို ကို စ ပုန်ကုန်ပြီး မုန်းကိုး ကို သိမ်း လိုက်တယ်။ ဧပြီမှာ ဝ တွေက ပန်ဆန်း ( ဗဟို
) ကို သိမ်းလိုက်တယ်။ တချို့ ခေါင်းဆောင် တွေကို တိုက်ထုတ်ပြီး တချို့ကို သတ်ပစ်ဖို
့ စီစဉ်ထားပေမယ့် အကုန် ကံကောင်းပြီး တရုတ်ပြည်ထဲ ကို ထွက်ပြေးလွတ်မြောက်သွားကြတယ်။
ရန်ကုန်မှာ နဝတ က အရေးအခင်း ကို ဗကပ တွေနဲ့ ဆက်စပ်ပြီး ပုံပြောနေတဲ့ အချိန်မှာ ဗကပ
ကေဒါ ၃၀၀ လောက်က အသက်လု ထွက်ပြေးပြီး တရုတ်ပြည်ထဲမှာ နေစရာ မရှိ ဖြစ်နေတုန်း မှာ ဖြစ်တယ်။
တရုတ်ပြည်က ဝတွေ၊ ကိုးကန့်တွေကို ဒီ ဗကပ လူကြီးတွေကို
မြန်မာပြည်ဘက်ခြမ်းမှာ နေခွင့်ပြန်ပေးဖို့ တောင်းတာ တောင် မရ၊ နောက်ဆုံး ကချင် ကို
ဖိအားပေး လက်ခံခိုင်းပြီး ကမ်ပိုက်တီး ကို ဇွန်လ မှာ ပြန်ပို့ပေးခဲ့တယ်။ နိုင်ငံရေး
မလုပ်ရလို့လဲ တားထားလိုက်တယ်။
ဒီလို အခြေအနေမှာပဲ ၁၉၈၉ သြဂုတ် ၅ မှာ ဗိုလ်ချုပ်ခင်ညွန့်က ဗကပ တို့၏ နိုင်ငံတော်
အာဏာ သိမ်းပိုက်ရန် စီမံချက် ဆိုပြီး ခပ်တည်တည် နဲ့ ရှင်းတာ ဖြစ်တယ်။ UG တွေကို ကြိုးကိုင်နေတဲ့
“၄၈၂၈ ဒေသပါတီ ကော်မတီ” ဆိုတာ ကို တင်ပြလာပါတယ်။
တကယ်တန်း ကျတော့ အဲဒီ ကော်မတီ ဖွဲ့တာ ၁၉၈၀ မှာ အလင်းဝင် လာတဲ့ ကွန်မြူနစ် ဟောင်း တွေက
ဖွဲ့တာ၊ အဲဒီ အဖွဲ့တွေကလည်း တောထဲက လက်နက်ကိုင် ဗကပ နဲ့ ဘာအဆက်အသွယ်မှ ရှိတာလည်း မဟုတ်ပဲ၊
ဝါသနာ အလျောက် ပြန်ဖွဲ့ရုံသာ ဖွဲ့ခဲ့တာ ဖြစ်နေတယ်။
ဦးအောင်ကြီး က NLD ကို ကြိုးကိုင်နေသူ ဗကပ တွေလို့ စွပ်စွဲ ခံရတဲ့ နကိုယ် ကွန်မြူနစ် ဟောင်း
ပုဂ္ဂိုလ် အချို့ အကြောင်း ပန်ဆန်းက ဗကပ ခေါင်းဆောင် တွေကို Bertil Lintner မေး ကြည့်ဘူးတယ်။
သူတို့တွေက အဲဒီ လူဟောင်း တွေကို “တော်လှန်ရေးကို ကျောခိုင်းသွားတဲ့ သစ္စာဖောက် အချောင်သမား”
လို့သာ သတ်မှတ်ထားတာကိုသာ သိခဲ့ရတယ် ဆိုပါတယ်။
ဒါတွေကို စုစည်း စဉ်းစားကြည့်ရင် ဗိုလ်ခင်ညွန့် တို့ အဖြစ်မှန်တွေကို
မသိလို့ မှားယွင်း ကောက်ချက်ချမိလား ဆိုတော့ လည်း သိပ်မဖြစ်နိုင်။ ဗကပ တပ်တွင်း ပုန်ကုန်ပြီး
နောက်တပတ် ၁၉၈၉ ဧပြီ၊ မေ ကတည်းက နဝတ ဘက်က လော်စစ်ဟန်၊ ဦးအောင်ကြီး တို့ သွားပြီး ကိုးကန့်
နဲ့ ညှိနေပြီ၊ နိုဝင်္ဘာမှာ ဝ နဲ့ ညှိလိုက်ပြီ။ စာရေးသူ Bertil Lintner က တော့ ဒီလို
ကောက်ချက်ချသွားတယ်။
ထောက်လှမ်းရေး ပဲ ညံ့လို့ တကယ့် ဖြစ်ရပ်မှန်ကို မသိတာလား၊
ဒါမှမဟုတ် တမင် ရှုပ်ထွေးအောင် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့တာလား ဆိုတာ ကို ဗိုလ်ချုပ်ခင်ညွန့်
ကိုယ်တိုင်ပဲ သိပါလိမ့်မယ်၊ တဲ့။
သပိတ်မှောက် တဲ့ သာမန် ကျောင်းသားတွေ၊ အရပ်သားတွေကို ရန်ကုန် သိမ်းထားတဲ့ သူပုန် တွေလို့ အထင်မှားပြီး
အပစ်ခံရတာဆို အတော်ဝမ်းနည်း စရာပါ။
တဆိတ်ရှိ ကွန်မြူနစ် တွေ ကြိုးကိုင် တယ်ချည်း ပြောလွန်းလို့
ထင်ပါတယ်။ ဆရာတင်မိုး က အဲဒီလူတွေ အကြောင်း ကဗျာ တပုဒ် ရေးခဲ့တယ်။ ရေးတဲ့ date ကိုတော့
မတွေ့မိသေးပါ။
ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ
(၁)
ဒီလူကြီးတွေ.... ဒီလူကြီးတွေ...
သွားရေတွေ တများများ
လူသားစား ကျားပါးစပ်နဲ့
အရပ်မှာ "ဗျိုး" ဟစ်ပြီး
"ကွန်မြူနစ်ဆန့်ကျင်ရေး" တဲ့
အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့
လုပ်စားပေါင်းများခဲ့ပြီ
(၂)
ကွန်မြူနစ်တွေဆိုတာ
ဘုရားမရှိ တရားမသိ
အမှားအတိနဲ့
အလကားငတိတွေ ထင်အောင်
တွင်တွင်ကြီး ဝါဒဖြန့်
ကွန်မြူနစ်တစ္ဆေနဲ့လှန့်
ရွာအနှံ့ ရပ်အနှံ့ မောင်းထု
ပြည်သူကိုတော့ ထောင်းထုပြီး
မကောင်းမှုမှာ သရဖူဆောင်း
သူရဲကောင်းကြီး ဟန်ပန်လုပ်
အာဏာကို အချောင်အုပ်ကြတယ်၊
ပုပ်လိုက်တဲ့ သမိုင်း
ယုတ်ပတ်တဲ့
အကြံရိုင်းပေပ။
(၃)
ကွန်မြူနစ်ကို လက်ညှိုးထိုး
ကိုယ်ကျိုးကို အရနှိုက်
ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား။
လဲဗီးတဲ့.... ပြူစောထီးတဲ့...
လက်နက်မဲ့ ပြည်သူတွေကို
ကူညီမလို အကြောင်းပြပြီး
ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ
မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ။
ကွန်မြူနစ် ရန်စွယ်ဟာ
ဓမ္မ
န္တရာယ် အစစ်ပါပဲလို့
ကလိမ်ကညစ် နည်းထုံးတွေနဲ့
ဖြီးလုံးတွေလွှင့်ထုတ်
စာအုပ် စာတမ်း ရေဒီယို
ထိုထိုသော သတင်းစာတွေနဲ့
အတင်းညာကာ ဝါဒဖြန့်
ရွာလန့်အောင်လုပ်ကြတယ်။
ရိုးသားတဲ့ ဗုဒ္ဓဘာသာ
တို့မြန်မာလူထုရဲ့ စိတ်ထဲ
ကွန်မြူနစ် သရဲပုံပြင်တွေနဲ့
ယုံထင်ကြောင်ထင် ဖြစ်အောင်
သံကြောင်တွေ ဟစ်ကြတယ်
တကယ်ညစ်တာက
သူတို့ .. သူတို့။
မသိဘူးလို့များ မထင်နဲ့
ပြည်သူတွေက "မြင်"ပါတယ်။
ပြည်သူတွေက "လျင်"ပါတယ်။
(၄)
မှန်တဲ့စကားတခွန်း
တစွန်းတစ မဟလိုက်လေနဲ့
ကွန်မြူနစ် တံဆိပ်ကပ်
အရပ်နဲ့ လှည့်တိုက်မယ်။
အခွင့်အရေး ဆိုစကား
တပြားဘိုးမျှ
မတောင်းလိုက်လေနဲ့
ကွန်မြူနစ်တွေ သွေးထိုး
သူပုန်မျိုး အဖျက်သမားတွေလို့
မတရားစွပ်စွဲပြီး
နည်းမျိုးစုံ ဖြိုခွဲပစ်မယ်။
အမှန်ကို ချစ်တာနဲ့
ကွန်မြူနစ် ဖြစ်ရရောလား။
လူကြီးမင်းများ ခင်ဗျား...
စဉ်းစဉ်းစားစားလဲ
လုပ်ကြပါအုံး။
(၅)
ကျောင်းသားတွေ မခံနိုင်လို့
သံပြိုင်ဟစ် အုံကြွတော့လဲ
သူပုန်ထမယ့် ဗကပ တဲ့
ဗကပ လှုံ့ဆော်လို့
ကြွေးကြော်သံ အနန္တနဲ့
အလျှံထမတတ်
ဆန္ဒပြကြတာတဲ့။
ဒီလိုပုတ်ခတ် လုပ်ဇာတ်ခင်းပြီး
ပြဿနာရဲ့ အတ္ထုပ္ပတ် အရင်းအမြစ်ကို
မစိစစ် မဖွေရှာ
အာဏပြ ပါဝါပြပြီး
အဓမ္မနှိမ်နင်း
အပြစ်ကင်းတဲ့ ကလေးငယ်တွေကို
ပစ်ကွင်းအဖြစ် ရွယ်ကြပြန်တယ်။
ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံဟာ
အတန်တန် သွေးစွန်းခဲ့ရတယ်။
လွတ်လပ်ရေးရပြီး ကတည်းက
တကသ ဗကသ
ကျောင်းသားသမဂ္ဂတွေကို
ဗကပရဲ့ သူပုန်ဌာနချုပ်ရယ်လို့
ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်နဲ့
ပစ်ခတ် သတ်ဖြတ်ခဲ့တာ
မှတ်တိုင်ကြီးတတိုင်
ဇူလိုင်
၇ ရက် သက်သေပါ။
တခါလာ ဗကပနဲ့ တခါလာ ဗကပနဲ့
ဟာသ ရသတောင် မြောက်ကုန်ပြီ
ဗကပတစ္ဆေ ခြောက်တုန်းပါလား။
(၆)
အမှန်တကယ်အဖြစ်က
ပြည်တွင်းစစ်နဲ့ စားသာနေတာ
အာဏာလက်ရှိ လူတစုပါ။
ပြည်တွင်းစစ်ကို လက်ညှိုးညွှန်
ကွန်မြူနစ်ကို
အပြစ်ပုံချ
ရသမျှအခွင့်အရေး အိပ်ထဲပိုက်
နှိုက်ချင်တိုင်း နှိုက်
ပိုက်ချင်တိုင်း ပိုက်
မိုက်ချင်တိုင်း မိုက်
ရိုက်ချင်တိုင်း ရိုက်
ရွှေစိတ်တော် အကြိုက်ပ၊
မြို့ရွာတွေ မီးတိုက်လိုတိုက်
ငမိုက်သားတွေ တန်ခိုးကြီးသထက်ကြီး
အမျိုးသမီးတွေ ယူလိုယူ
ဇမ္ဗူပေါ်မှာ ဇိမ်တွေကျ
အိမ်တွေရ တံဆိပ်တွေရ
ဧရာမ သူရဲကောင်းလို့
အကြောင်းပြလို့လဲ ကောင်းသေး
ကွန်မြူနစ်ဆန့်ကျင်ရေး
ဆိုင်းဘုတ်နဲ့
ဝိုင်းအုပ် ဝိုင်းတုတ်လိုက်ကြတာ
အလုပ်ကို ဖြစ်လို့၊
တကယ့်မျိုးချစ်တွေပါလားနော်။
(၇)
ဒီလူတွေနဲ့ ငြိမ်းချမ်းရေး
ဘယ်နှယ်လုပ် ဆွေးနွေးကြမလဲ
ငြိမ်းချမ်းရေးအသံကြားရင်
နားဝမှာ ခါးနေတဲ့ လူတွေ
စစ်ရှိမှ ကြီးပွါး
စစ်နဲ့ဘဲ
လုပ်စားနေကြတာ
စစ်အား မကောင်းရင်
ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး
စစ်အလုပ် ကင်းဝေးမဲ့
ငြိမ်းချမ်းရေး ကိစ္စကိုများ
တရားသဘောနဲ့
အလကား ဟောမနေနဲ့
မောရုံသာ အဖတ်တင်မယ်
"ဝတ္ထုနိပါတ်ပိဋကတ်"ကို
လျှာပြတ်အောင် ဟောသော်လဲ
ဟောရင်းသာ ပျံတော်မူရမယ်
"ဆံဖြူဖြူ တခွက်မျှ ထွက်နိုင်ပုံမရ" ဆိုတဲ့၊
ဦးပုညဖွဲ့တဲ့
လူစားမျိုးပါတကား။
(၈)
ဒီလိုနဲ့ပဲ
တို့လူထုမှာတော့
ပူမှုတွေဖုံး
အပူလုံးတွေကြွ ယူကြုံးမရ
ပြည်တွင်းစစ်ဒုက္ခနဲ့
ပြေးရလွှားရ ပုန်းရအောင်းရ
ဘဝတွေ ပျက်ခဲ့ပြီ။
လက်နက်တွေ တလကြမ်းနဲ့မို့
အမျိုးသားပန်းမှ ပွင့်နိုင်ပါအုန်းမလား။
စစ်မီးတွေ တလောင်တည်းလောင်
ပစ္စည်းတွေလဲ ပြောင်ခဲ့ပြီလေ
ပြောင်ခဲ့ပြီ
(၉)
ဒီလို ဒီလိုနဲ့
ဒီမိုကရေစီ ပြုတ်ကျ
စစ်ဗိုလ်ကြီးတွေ တန်ခိုးထတဲ့
မဆလတွေ မင်းမူခဲ့
တိုင်ပြည်ရဲ့ ရန်သူဟာ ဗကပလို့
တဖွဖွ စွပ်စွဲရင်း
ဖွတ်မွဲစာရင်း တို့တတွေရောက်ကုန်ပြီ၊
မှိုလိုပေါက်လာတဲ့ မဆလ ဗဟိုကော်မတီ
ဘာကောင်စီ ညာကောင်စီ
အလံနီ အလံဖြူ လက်နက်ချနဲ့
မဆလ
စစ်ဗိုလ်ကြီးတွေဟာ
တသီးတသန့် အခန့်စံစားရာ
ပါရမီ ငွေကြာရံ
ရန်ကင်း ကမ္ဘောဇ ဗိုလ်ချုပ်ရွာတွေမှာ
တိုက်တာကြီးတွေ ဟိန်းထ၊
ပစ္စည်းတွေက သိန်းမက၊
ဘိန်းချသလား အောက်မေ့လောက်အောင်
ဆိုရှယ်လစ်နိဗ္ဗာန် အရောက်ချီတက်ခဲ့ကြတယ်။
ကွန်မြူနစ် ဆိုရှယ်လစ် ကျေးဇူးတွေနဲ့
စားဦးစားဖျားတွေ ဝေစားခဲ့ကြတယ်။
မဆလက မွေးဖွားတဲ့ လူတန်းစားတရပ်
မားမားမတ်မတ်
ပေါ်ပေါက်ခဲ့တယ်
အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်
အရက်တငုံ ကျိုက်ပြီးလွှတ်တော်ဝင်
မဆလလမ်းစဉ်အောင်ရမယ်လို့
မယုံကြည်ပဲ ကြွေးကြော်ပြီး
အရေးပေါ် ဆိုရှယ်လစ်တွေက
စခန်းသစ် ဖွင့်ခဲ့ကြတယ်။
မြန်မာ့ဆိုရှယ်လစ်တခေတ် ထူထောင်ပုံတွေလေ။
(၁၀)
ခုအခါ လူထုကနာပြီမို့
တပါတီစနစ် ဖြုတ်ချ၊ ဒီမိုကရေစီ အများဆန္ဒနဲ့
အစိုးရဖွဲ့ရေး လူထုက ဟစ်ကြွေးတော့
ဆူပူရေးသမား ဗကပများတဲ့။
လုပ်စားနေတဲ့
လူကြီးများက
ရှေးနည်းအတိုင်း တံဆိပ်တပ်ပြီး
လူထုလုပ်ရပ် သေးသိမ်အောင်
ကလိန်စေ့ငြမ်းဆင် နေပြန်ပြီ။
ပြည်ထောင်စု ပြိုကွဲပြီး
ဖ၇ိုဖရဲ မဖြစ်အောင်တဲ့။
မျိုးချစ်စိတ်ဓါတ် တခွဲသားနဲ့
စကားကို တရားလုပ်
လွှင့်ထုတ်နေကျ ဓါတ်ပြားဟောင်းအတိုင်း
အပ်သွားကြောင်းထပ်ပြီး
အဓမ္မ ပါးစပ်နဲ့
ကျားကျား မီးယပ် လုပ်ကြပြန်ပြီ။
ကျောင်းသားနဲ့ ပြည်သူ
ဆူပူအောင်လုပ်တာ
ဗကပလို့တမျိုး
အမျိုးသားဒီမိုကရေစီ အဖွဲ့အတွင်း
ကွန်မြူနစ်တွေ စီးနင်းလေဟန်
သတင်းတွေ ချဲ့ကား
အတင်းလိမ်လည် လှည့်စားလို့တမျိုး
မဟားဒယား ကြံစည်ပြီး
ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ။
(၁၁)
ခုတော့
သမိုင်းကသိ လူကမိပြီ
လူကြီးမင်းတို့ လက်ရာ
ညာလို့ မရတော့ဘူး
နိုးကြားတဲ့
ပြည်သူတွေမို့
အထူအပိန်း မထင်ကြနဲ့တော့
ပါးစပ်ဟလိုက်တိုင်း
အူမကို အတိုင်းသားပါပဲ။
လူကြီးမင်းတို့ ဖော်နည်းကားတွေ
ခေတ်မစားတော့ဘူး
ခေတ်နောက်ကျသွားပါပြီ။
"ပြည်သူတွေဟာ ဗကပ မဟုတ်"
ဗကပနဲ့ လှန့်တိုင်း
လန့်လိမ့်မည်မဟုတ်။
နိုင်ငံရေး အခြေအနေ
ရေ-မြေ-လေ-မီး ဓါတ်ကြီးလေးပါးကို
ပိုင်းခြားလို့ သိနေပြီ။
ကွန်မြူနစ်ဆန့်ကျင်ရေး
လက်သုံးဓါးနဲ့
တသက်လုံး လုပ်စားဖို့ကြံရင်
ပန်လန်လက်
ပက်လက်လန် မည်သာမှတ်ပေရော့။
ပါးစပ်က ဘုရား ဘုရား
လက်က ကားယားကားယားနဲ့
စားဖား လူကြီးမင်းများ ခင်ဗျာ.......။
။