Sunday, September 25, 2011

မှတ်ဖွယ်ရာရာ ထိုထိုစာ

၁၉၂၀ အစပိုင်းမှာ George Orwell က မန္တလေးမှာ ရောက်နေတယ်။ Eton ကနေ ကျောင်းပြီးတာနဲ့ အင်ပါယာပုလိပ် တပ်ဖွဲ့ ထဲကို ဝင်လိုက်ခါစ ပေါ့။ အဲဒီဒေသ တဝိုက်မှာ ကျက်စားနေတဲ့ လူဆိုးဂိုဏ်းတွေရဲ့ သတင်းတွေကို လိုက်စုနေရတာ များပါတယ်။ ( India Empire ထဲမှာတော့ မြန်မာက ရာဇဝတ်မှု အများဆုံးဆိုတဲ့ ထဲမှာပါတယ်၊ တချို့ကတော့ ဘုန်းကြီးကျောင်း ပညာရေး စံနစ် မရှိတော့လို့ ဖြစ်တာ လို့ဆိုတယ်၊ တချို့ကတော့ မြန်မာတွေကို က စရိုက်ကြမ်းတာ လို့ ဆိုတယ်)။ သူကတော့ မန္တလေးကို အတော့်ကို မနေသင့်တဲ့ နေရာလို့ ပြောဖူးတယ်။
“ဖုံကလည်း ထူ၊ ပူလိုက်တာကလည်း မနေနိုင်အောင်ပဲ၊ အပေါဆုံးကတော့ P ငါးလုံးပဲ ။ P ငါးလုံးဆိုတာ ဘုရား၊ ကလေကချေ၊ ဝက်၊ ဘုန်းကြီး နဲ့ ဖါသည် ( pagodas, pariahs, pigs, priests and prostitutes )ပေါ့”

Where China meets India ( Pg-46 )

သူတို့ရဲ့ အရှေ့ဖျား အင်ပါယာ တခုလုံး ရုတ်ချည်းဆိုသလို ပြိုကြသွားတာဟာ ဗြိတိသျှ တွေအတွက်တော့ မဟာအရှက်တော်ကွဲတာပဲ။ ဒါနဲ့ မြန်မာပြည်၊ ပြီးရင် မလေးယား၊ စင်္ကာပူ တွေကို ဆက်တိုက်ပြန်သိမ်းဖို့ အစီအစဉ်တွေ ဆွဲကြပါရော။ အိန္ဒိယ မြန်မာ နယ်စပ် မြေအနေအထားက ကြမ်းလွန်းတော့ အိန္ဒိယ ဘက်ကနေ ကုန်းကြောင်း ဝင်တိုက်ဖို့ စဉ်းစားတဲ့သူ သိပ်မရှိဘူး၊ အများစု ဗြိတိသျှ စစ်ဗိုလ်တွေက ရန်ကုန်ကို ကြည်းရေ နှစ်ဘက် ညှပ် တိုက်ဖို့ကို ပိုသဘောကျကြတယ်။ ၁၈၂၄ တုန်းက မြန်မာဘုရင်ကို အငိုက်မိသွားစေတဲ့ အရှေ့အိန္ဒိယ ကုမ္ပဏီ ရဲ့ ရန်ကုန်သိမ်းတိုက်ပွဲ တကျော့ပြန်ပေါ့လေ။ ဒါပေမယ့် အမေရိကန်ရဲ့ လေယဉ်တွေ၊ ရေကြောင်းပို့ဆောင်ရေး တွေ မပါပဲနဲ့ ဘာမှ သိပ်လုပ်နိုင်မှာ မဟုတ်တော့ Winston Churchill လည်း မဟာမိတ်တပ် အကူအညီကို အတင်းတောင်းရတော့တယ်။ဒါပေမယ့် အမေရိကန်တွေကတော့ စိတ်မဝင်စားပါဘူး။ အိန္ဒိယ က လွတ်လပ်ရေး လိုချင်နေတာကို ကိုယ်ချင်းစာနိုင်တဲ့ Roosevelt ကိုယ်တိုင်က တောင်၊ မြန်မာကိုကျတော့ ပက်ပက်စက်စက် မြင်နေတယ်။ သူက Churchill ကို ပြောတယ်၊
“ မြန်မာပြည်ကော၊ မြန်မာလူမျိုးကိုကော ကျုပ် နည်းနည်းမှ ကြည့်လို့ ရတာ မဟုတ်ဘူး၊ ခင်ဗျားတို့တွေလည်း နှစ်ငါးဆယ်လောက် ဒီကောင်တွေနဲ့ ရွာပတ်နေတာ မဟုတ်လား။ ကျုပ်ဖြစ်စေချင်တာကတော့ ခင်ဗျားတို့ အဲဒီကောင်တွေ အကုန်လုံးကို ဒယ်အိုးထဲထည့်၊ ရိုင်ပတ်ကာပြီး ဒီကောင်တွေ အဆီနဲ့ ပြန်ပြီး ဒီကောင်တွေကို ပြုတ်ကျော် လုပ်ပစ်ဗျာ”.
Where China meets India ( Pg-61-62 )


Thant Myint-U

မြေးတို့ ခေတ်ကို ပျင်းသနား

၁၀ မတ် ၁၉၄၆
ဘူတစ်ပါတီက “မြန်မာပြည် အဘယ်သို့ ခြေလှမ်းမည်နည်း” ကြေငြာချက် ထုတ်ပြန်သည်။ ပါတီဝင် ၁၁ ဦးရှိ၍ ဘူတစ်ပါတီဟု ခေါ်ခြင်းဖြစ်သည်။ ( သူရိယ သတင်းစာ၊ ၁၀ မတ် ၁၉၄၆ )
၁။ ဦးလှဘူး-ရန်ကုန်
၂။ ဦးဖိုးဗျော့-ရန်ကုန်
၃။ ဦးဘသိန်း(ရွှေပေါက်ပင်)-ရန်ကုန်
၎။ ဦးထွန်းသန်း-ရန်ကုန်
၅။ ဦးဘဒင်(ချပ်သင်း)-ရန်ကုန်
၆။ သခင်ကိုယ်တော်မှိုင်း
၇။ ဦးစံလှဘော်-မန္တလေး
၈။ ဦးမင်းအို-ရန်ကုန်
၉။ ဦးသော်(သမိုင်း)-အင်းစိန်
၁၀။ ဦးစ-ရန်ကုန်
၁၁။ ဦးထွန်းကြိုင်-ရန်ကုန်

မြန်မာရက်စဉ်သမိုင်း ( ၁၉၄၅-၂၀၀၈)- စာမျက်နှာ-၄၈
သမိုင်းသုတေသန ဦးစီးဌာန

Saturday, September 24, 2011

တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံး အလိုမှာ ကယ်တင်ခဲ့မိတာကို နောင်တ ရ သတဲ့လား

ယခု ၁၉၉၅ ခု၊ ဇူလိုင်လ ၂၆ ရက် နေ့တွင်မှ ဦးနေဝင်း နှင့် ပြန်လည် ဆုံတွေ့ရခြင်း ဖြစ်ပါသည်။ ထိုနေ့က ဦးနေဝင်းကို မြင်ရသည်မှာ ကိုယ်ရည် အနည်းငယ်စစ်သွားသည်မှတစ်ပါး ရှေးက ကဲ့သို့ပင် ရွှင်ရွှင်လန်းလန်းနှင့် ကျန်းကျန်းမာမာ ရှိနေသည်ကို မြင်ရပါသည်။ သူသည် ကျွန်တော်တို့အား ရွှင်လန်းဝမ်းသာသော မျက်နှာနှင့် ဆီးကြိုပါသည်။ ဧည့်ခန်းတွင် ဝိုင်းဖွဲ့ကာ စကားပြောကြပါသည်။ စလျှင် စခြင်းပင် ဥက္ကဌကြီး ဦးနေဝင်းက ဒီနေ့ အေးအေးဆေးဆေး စကားတွေ ပြောကြမယ်၊ ဒါပေမယ့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတွေကိုတော့ မပြောကြပါနှင့်၊ ဘာသာရေး နဲ့ ယဉ်ကျေးမှု အကြောင်းတွေပဲ ပြောကြမယ် ဟု ပြောပါသည်။……ဥက္ကဌကြီး ဦးနေဝင်းကို ကြည့်ရသည်မှာ ဝိပဿနာ ဘာဝနာ အမှုကို ပြုနေရခြင်း၌ မွေ့လျော်နေပုံ ရပါသည်။
မွန်းလွဲ နှစ်နာရီ ကျော်ကျော်တွင် စကားဝိုင်းကို ခေတ္တနားလိုက်ပါသည်။ ယင်းအခိုက်မှာပင် ဥက္ကဌကြီး ဦးနေဝင်းက ကျွန်တော်တို့ မမျှော်လင့်သော စကားတရပ်ကို ရုတ်တရက် ပြောဆိုလိုက်ပါတော့သည်။
“ကိုယ့်လူတွေနဲ့ ကြုံတုန်းပြောလိုက်ရဦးမယ်…ကိုယ့်အနေနဲ့ ဒီသံသရာတရားတွေ…သင်္ခါရ တရားတွေ အနိစ္စ..အနတ္တ တရားတွေကို ဒီနေ့သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ်ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လ က ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး” ဟူသော စကားရပ်ပင် ဖြစ်ပါတော့သည်။
ကျွန်တော်၏နားကို ကျွန်တော် မယုံနိုင်အောင် ဖြစ်သွားပါသည်။ ဦးတင်အောင်ဟိန်း သည် ဦးနေဝင်း ပြောစကားကို အာရုံစိုက်နေပါသည်။ကျွန်တော်တို့သည် ဘာမှ ပြန်မပြောကြပဲ ဦးနေဝင်းက ဆက်လက်ပြောကြားလာမည့် စကားကိုသာ စောင့်နေကြပါသည်။
ဥက္ကဌကြီး ဦးနေဝင်း သည် စကားကို ဆက်မပြောသေးပဲ ခဏမျှ စဉ်းစားနေပုံ ရှိပါသည်။ သည့်နောက်တွင် ဆက်ပြောပြန်ပါသည်။
“ဟုတ်တယ်…အဲဒီတုန်းကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး” ဟု ပြောပါသည်။ ၁၉၆၂ ဆိုသော စကားလုံးကို အင်္ဂလိပ်လို အသံထွက်ဖြင့် ပြောခဲ့ပါသည်။ ယခု အထက်ပါအတိုင်း ကျွန်တော်ပြန်ရေးပြသော စကားရပ်များမှာ ဥက္ကဌကြီး ဦးနေဝင်း ပြောခဲ့သည့် အတိုင်း ဖြစ်ပါသည်။
ဦးနေဝင်း သည် စကားမဆက်တော့ပဲ နေပါသည်။ ကျွန်တော်တို့ကလည်း ပြန်ခွင့်ပြုပါရန် ပြောပါသည်။ ဦးနေဝင်းသည် စကားအများကြီး ပြောခဲ့သော်လည်း ပင်ပန်းနွမ်းနယ်ပုံ မရပဲ ရွှင်လန်းလျက်သာ ရှိနေပုံ ရပါသည်။



ကိုကိုမောင်ကြီး
ကျွန်တော်သိသော တစ်ရံရောအခါများ ( စာမျက်နှာ-၇၆၀-၇၆၃ )

Sunday, September 18, 2011

တိုင်းပြည်ကို ချစ်တာချင်း တူပေမယ့်လည်း

လီကွမ်ယု အမေရိက သို့ သွားခြင်း

ဗြိတိသျှ စစ်အသုံးစရိတ်တွေ လျော့ချလိုက်လို့ ဆုံးရှုံးသွားတာတွေကို ကာမိအောင် ပေါ်လစီတွေ ပြန်ချအပြီး ၁၉၆၈ ဆောင်းဦးမှာ ကျွန်တော် sabbatical ( ၇ နှစ်တခါခွင့် ) ယူပြီး Harvard မှာသွားနေလိုက်တယ်။ ဒီရာထူးမှာ ကျွန်တော်လုပ်နေလိုက်တာ ၉နှစ်ရှိသွားပြီဆိုတော့ ကိုယ့်ဓါတ်ခဲတွေ charging ပြန်သွင်းမှပဲ၊ အိုင်ဒီယာအသစ်တွေ ရှာရမယ်၊ အနာဂတ်ကို သေချာ စဉ်းစား သုံးသပ် ရတော့မယ်။ Kennedy School of Government က ကျွန်တော့်ကို ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ပြီး မနက်စာ၊ နေ့လည်စာ၊ညစာ အစ စီစဉ်ပေးတဲ့အပြင် ထင်ရှားတဲ့ ပညာရှင်တွေနဲ့ တွေ့ရအောင် seminar တွေပါ စီစဉ်ပေးပါတယ်။ အမြင်တွေ ဖလှယ်ကြတော့ တကယ့်ကို အသုံးကျပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ အိုင်ဒီယာတွေ သူတို့ဆီက ဆက်တိုက်ထွက်လာတော့တာပဲ။ Ray Vernon တို့လို Harvard Business School က professors တွေနဲ့ စကားပြော၊သူတို့စာတွေ ဖတ်ရင်းနဲ့ အမေရိကန် လူ့အဖွဲ့အစည်း နဲ့ သူတို့ရဲ့ စီးပွားရေး အကြောင်းတွေ ကျွန်တော် တော်တော်သိလာတယ်။ Vernon ဆီက တော်တော်တန်ဖိုးရှိတဲ့ သင်ခန်းစာ တခု ရလိုက်တယ်၊ နည်းပညာ၊ စက်မှုလုပ်ငန်း နဲ့ ဈေးကွက်တွေဟာ အမြဲပြောင်းနေတယ်၊ လူအင်အားအများကြီး သုံးရတဲ့ လုပ်ငန်းတွေမှာ ဘယ်လောက်မြတ်လဲဆိုတာက အဓိက ကုန်ကျစရိတ်ဖြစ်တဲ့ လုပ်ခ ပေါ် မူတည်နေတယ် ဆိုတာကိုပေါ့။ ဒီအိုင်ဒီယာနဲ့ ဟောင်ကောင်လုပ်ငန်းရှင်တွေ အထည်အလိပ် လုပ်ငန်းတွေကို ဒီလောက် အောင်မြင်အောင် လုပ်နိုင်နေတာပေါ့။ ဖက်ရှင်တွေ ပြောင်းနေတာကိုမှီအောင် သူတို့ရဲ့ စက်ရုံ ယက္ကန်းစက်လိုင်းတွေ၊ ဒီဇိုင်းတွေကို လိုက်ပြောင်းနိုင်ကြတယ်၊ သိပ်သွက်လက်ကြတယ်။ သူတို့လို တန်းတူ သွက်လက်လျင်မြန်ပြီး ဈေးသက်သာတဲ့ တိုင်ဝမ် နဲ့ တောင်ကိုရီးယား လုပ်ငန်းရှင်တွေနဲ့ ဘယ်တော့မှ မဆုံးနိုင်တဲ့ ပြိုင်ပွဲကြီးပဲပေါ့။ သူတို့ရဲ့ sale promoter တွေကလည်း New York နဲ့ တခြား မြို့ကြီးတွေက ဝယ်လက်တွေနဲ့ အမြဲမပြတ် သွားတွေ့ တိုင်ပင်နေကြတယ်။
အရင် ကျွန်တော်လက်ခံထားတဲ့ စက်မှုလုပ်ငန်းတွေဟာ ဖြည်းဖြည်းချင်းပဲ ပြောင်းတယ်၊ ဖွံ့ဖြိုးပြီးနိုင်ငံကနေ သိပ်မဖွံ့ဖြိုးသေးတဲ့ ဒေသ ကို ပြောင်းရွှေ့ခဲတယ် ဆိုတဲ့ အယူမှားကို သူက ဖျောက်ပေးခဲ့တယ်။ စက်တွေမောင်းနှင်တတ်အောင် သင်ပေးထားတဲ့ စည်းကမ်းရှိတဲ့ အလုပ်သမားတွေ ရှိမယ်၊ နိုင်ငံခြားသား လုပ်ငန်းရှင်တွေ အလုပ်လုပ်ရတာ အဆင်ပြေအောင် လုပ်ပေးနိုင်တဲ့ တည်ငြိမ် ပြီး ထက်မြက်တဲ့ အစိုးရမျိုးလည်း ရှိမယ်၊ စိတ်ချရပြီး ဈေးသက်သာတဲ့ လေကြောင်း၊ရေကြောင်း ပို့ဆောင်ရေးလဲ ရှိမယ်ဆိုရင် အဲဒီလို နိုင်ငံသစ်ကလေးတွေကို စက်မှုလုပ်ငန်းတွေ ပြောင်းလာမှာပဲ။
၁၉၆၇ အောက်တိုဘာမှာ ကျွန်တော် အမေရိက ကို ပထမဆုံးတရားဝင် အလည်ရောက်တုန်းက chicago မြို့ နေ့လည်စာ စားပွဲတခုမှာ လုပ်ငန်းရှင် ၅၀ လောက်ကို စင်္ကာပူဟာ ၁၈၉၁ တုန်းက တံငါသည် ၁၂၀ လောက်သာ နေတဲ့ ရွာကလေးကနေ လူနှစ်သန်း ရှိတဲ့ မြို့ကြီး အဖြစ် ဘယ်လိုရောက်လာတယ် ဆိုတာကို ပြန်ပြောပြလိုက်တယ်။ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို လူတကာထက် ပိုကောင်းအောင်၊ ပိုသက်သာအောင် လုပ်ပေးနိုင်ရမယ်၊ မလုပ်နိုင်ရင် တိုင်းပြည်ပျောက်မယ်ဆိုတဲ့ ခံယူချက် ကြောင့် ပြောင်းလာနိုင်ခဲ့တာပါလို့။ သူတို့ သဘောကျကြတယ်၊ ကျမှာပေါ့ ၊ သူတို့ မျှော်လင့်ထားတဲ့ တခြား လွတ်လပ်ရေး ရခါစ နိုင်ငံတွေက ခေါင်းဆောင်တွေလို ကျွန်တော် လက်ဖြန့်ပြီး အကူအညီ မတောင်းခဲ့ဘူးလေ။ ကျွန်တော့်ရဲ့ ခွက်မဆွဲရေး ဝါဒကို သူတို့ သဘောကျကြတာ သတိထားမိလိုက်တယ်။
၁၉၆၈ နိုဝင်ဘာမှာ New York ကိုသွားပြီး Economic club of New York မှာ ထိပ်တန်း အဆုံးအဖြတ် ပေးနိုင်တဲ့ ပုဂ္ဂိုလ် ၈၀၀ ကို တခါသွားဟောပြောတယ်။ စင်္ကာပူ ရင်ဆိုင်နေရတဲ့ ပြသနာတွေ၊ ဒေသတွင်း က အန္တရာယ်တွေ၊ အထူးသဖြင့် ဗီယက်နမ် စစ်ပွဲကိစ္စ တွေ အပေါ်မှာ ကျွန်တော်ရဲ့ ခေါင်းမာပြီး လက်တွေ့ကျတဲ့ သုံးသပ်ချက်တွေကို သူတို့ ကျေကျေနပ်နပ် လက်ခံကြတယ်။ ဟောပြောပွဲကို ညစ်နေပေမယ့် တည်ငြိမ်ပြီး အသာစီးရနေတဲ့ လေသံမျိုး နဲ့ အဆုံးသတ်နိုင်အောင် အတော်ခက်ခက်ခဲခဲ ကြိုစားလိုက်ရတယ်။ တိမ်ညိုတွေကို ငွေနားကွပ်လိုက်နိုင်ခဲ့တယ်။ အဖြေရခက်တဲ့ မေးခွန်းတွေကို ရှင်းရှင်း နဲ့ ဗွင်းဗွင်းပဲ ဖြေလိုက်တယ်။ ကုမ္ပဏီ အရာရှိတော်တော်များများ ကျွန်တော့်ဆီ ချီးကျူးတဲ့ စာတွေပို့ကြတယ်။ အဲဒီ နောက်ပိုင်းမှာ New York က ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အဖွဲ့ ခေါင်းဆောင် Chan Chin Bok တယောက် ကြိုက်တဲ့ အမေရိကန် ကုမ္ပဏီ အရာရှိကို တွေ့လို့ ရသွားတယ်။ဒါနဲ့ပဲ နောက်ဆို ကျွန်တော် အမေရိက သွားလည်တိုင်း အရာရှိ ၂၀ ကနေ ၅၀ လောက်နဲ့ တွေ့ရအောင် သူအမြဲစီစဉ်ပေးတော့တာပဲ။
လုပ်နေကျပုံစံကတော့ နေ့လည်စာ၊ ဒါမှမဟုတ် ညစာ မစားခင် စားပွဲအကြီးမှာ အရေးပါတဲ့ CEO တွေနဲ့ အတူသောက်ရင်း စကားပြောကြမယ်၊ ပြီးရင် မိနစ် ၂၀ လောက် မိန့်ခွန်းပြောပြီး ကြိုက်တာ မေးဖြေကြပေါ့။ Chin Bok ရှင်းပြတာက အမေရိကန် CEO အများစုက စင်္ကာပူအထိ သွားမလေ့လာအားဘူး၊ ဒါပေမယ့် သူတို့ စက်ရုံ အဲဒီကို သွားမဖွင့်ခင် ခေါင်းဆောင်လုပ်တဲ့လူကို တချက်ကြည့်ပြီး သုံးသပ်ချင်တယ်။ အဲဒီ တွေ့ဆုံပွဲတွေ အောင်မြင်တာလည်း အမေရိကန်တွေ ဘယ်လို စဉ်းစားတတ်တယ်ဆိုတာ Winsemius က ကျွန်တော့်ကို ပြောပြထားဘူးလို့ပါ။ သူ့သားက အမေရိကန် စီးပွားရေး အတိုင်ပင်ခံ ကုမ္ပဏီကြီးတခုမှာ လုပ်နေတာဆိုတော့ အမေရိကန်တွေ စီးပွားရေး လုပ်ရင် risks ကို ဘယ်လို တွက်ဆ ကြတယ်ဆိုတာ အတိအကျ ပြောပြနိုင်တယ်။ သူတို့က နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဏာရေး တည်ငြိမ်မှု ရှိသလား၊ အလုပ်သမားအဖွဲ့တွေနဲ့ ဆက်ဆံရေး စတာတွေ အကုန်ကြည့်ပြီး၊ သူတို့ရဲ့ ဖေါက်သည်တွေ၊ လက်ခွဲတွေ ဆီကို ပို့ကုန် မပြတ်ပေးပို့ နိုင်မယ်ဆိုတာ သေချာမှ လုပ်ကြတာ။
Lee Kuan Yew,
From Third World to First ( 2000 )
The Singapore Story: 1965-2000
Page: 73 to 75.



ဦးနေဝင်း ဝါရှင်တန်သို့ သွားခြင်း

ဒီတလျောက်လုံး နေဝင်းက အမေရိကန်ကို ခပ်တန်းတန်းပဲ ဆက်ဆံလာတာ။ ဆိုဗီယက် အကူအညီတွေ ဆက်လုပ်ခွင့်ရနေပေမယ့် အမေရိကန် အကူအညီ အတော်များများက ၁၉၆၂ ကတည်းက ရပ်သွားပြီ။ ၁၉၆၀ တရုပ်-မြန်မာ နယ်စပ် စာချုပ် ချုပ်နိုင်တာကို သူသိပ်ဂုဏ်ယူတယ်၊ တရုပ်နဲ့ ဆက်ဆံရေး အဆင်ပြေဖို့ကို တော်တော် ဦးစားပေးလုပ်တယ်။ သူကိုယ်တိုင် တရုပ်သွေးပါလို့ အဲလိုလုပ်တာလို့ တချို့က ပြောကြတယ်။ တကယ့်ဖြစ်နိုင်ချေကတော့ ကိုလိုခေတ်နောက်ပိုင်းမှာ တရုပ် နဲ့ မြန်မာ ရဲ့ အနာဂတ်တွေက ပိုနီးနီးကပ်ကပ် ပတ်သတ်လာနေပြီဆိုတာကို သိလို့ သူ ဒီလို လုပ်တာ ပိုဖြစ်နိုင်ပါတယ်။ဒါပေမယ့် အမေရိကန် တွေကိစ္စ ဘယ်နှယ်လုပ်ကြမလဲ။ သူ့ ပေါ်လစီတွေဟာ ကွန်မြူနစ်တွေကို ပန်းပြီးတိုက်ဖို့ လုပ်ထားတာဖြစ်ပေမယ့် ဒါကိုပဲ အမေရိကန် က လက်ဝဲသိပ်ယိမ်းသွားပြီလို့ မြင်မှာကို သူကြောက်နေတယ်။ သူ အမေရိကန်တွေကို တကယ်ကြောက်နေတာပါ။ ၁၉၆၃ နိုဝင်ဘာ မှာ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ အာဏာသိမ်းပွဲမှာ တောင်ဗီယက်နမ် သမ္မတ Ngo Dinh Diem အဖြုတ်ခံပြီး အသတ်လည်း ခံလိုက်ရတယ်။
၁၉၇၀ မတ်လ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ နောက် အာဏာသိမ်းပွဲတခုမှာ မင်းသားကြီး Norodom Sihanouk အဖြုတ်ခံရပြီး ဗိုလ်ချုပ်ကြီး LoL Nol တက်လာတယ်။ ရှမ်းပြည် အရှေ့ပိုင်း မှာ တရုတ် nationalists (တရုတ်ဖြူ ) တွေကို CIA ထောက်ပံ့ပေးထားခဲ့တဲ့ ကိစ္စကလည်း သိပ်ကြာသေးတာ မဟုတ်။ ဒီတော့လည်း ဂေါက်ကွင်းဆင်းတိုင်း သူ steel helmet ဆောင်းဆောင်းထားတာ သိပ်အလွဲကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် တကယ်တန်းကျတော့ အမေရိကန် တွေက ဝင်ချင်တာ မဟုတ်ဘူး၊ သူ့ကို သူတို့ဘက်ကို ပါလာစေချင်နေတာ ဖြစ်နေတယ်။
အဲဒီအချိန်တုန်းက အမေရိကန် သံအမတ်က Henry Byroade။ တသက်လုံး သံတမန်လုပ်လာပြီး စစ်အတွင်းကလည်း မြန်မာပြည်မှာပဲ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်။ နေဝင်းက သူ့ကို သဘောကျတယ်။ သူ့ရှေ့က သံအမတ်တွေ အကုန်လုံးက ၁၉၅၀ တုန်းက တရုတ်ဖြူကိုလက်နက်ထောက်ပံ့ရာမှာ အမေရိကန် ပါတယ်ဆိုတာကို ငြင်းကြတယ်။ Byroade ကတော့ လူတမျိုး၊ သူက မငြင်းဘူး၊ ဝန်ခံတယ်။ သူအဲလို ပွင့်ပွင့်လင်းလင်း ပြောတာ နေဝင်းက သဘောကျတယ်၊ သူ့ကိုယ်သူလည်း ပွင့်ပွင့်လင်းလင်း သမားလို့ ယူဆထားတာကိုး။ နှစ်ဘက်စလုံးက နောက်တော့ နှစ်ဘက်ဆက်ဆံရေးပြေလည်ရင် ကောင်းမယ်လို့ သိလာကြတယ်။
၁၉၆၆ မှာ ဗိုလ်ချုပ်ကြီး နေဝင်း အမေရိက ကို လာလည်ဖို့ တရားဝင် ဖိတ်စာရတယ်။ နွေးထွေးတဲ့ စက်တင်္ဘာ နေ့လည်ခင်းမှာ အိမ်ဖြူတော် တောင်ဘက် မြက်ခင်းစိမ်းကို သူ helicopter နဲ့ ဆင်းလာတယ်။ ရေတပ်ဂုဏ်ပြုတပ်ဖွဲ့၊ စစ်ခရာဝိုင်း နဲ့ ပြုံးနေတဲ့ သမ္မတကြီး Lyndon Baines Johnson တို့က ကြိုကြတယ်။ ပုံမှန်တော့ ဒီလို အခန်းအနားမျိုးမှာ စကားအလင်္ကာတွေ၊ အကဲပိုတဲ့ မိန့်ခွန်းတွေ နားမဆန့်အောင် ကြားရတတ်တယ်။ မြန်မာအာဏာရှင်ကြီး ကျတော့ ဒီလိုဘယ်ဟုတ်လိမ့်မလဲ၊ နိုင်ငံတော် အခန်းအနား နေ့လည်စာ စားပွဲတွေမှာ ခွက်မြှောက်ဆုတောင်းတဲ့ အထဲမှာတော့ အတိုဆုံးပဲ ဖြစ်မယ်၊ နေဝင်း ကသူ့ဖန်ခွက်ကို မြှောက်ပြီး၊ "အခုလိုတွေ့တော့ နောက်ဆို တယောက်နဲ့ တယောက် ပိုနားလည်မှု ရလာမယ်ထင်ပါတယ် " တခွန်းပဲ ပြောလိုက်တယ်။ ရတယ်လေ၊ အမေရိကန်တွေက စိတ်မဆိုးပါဘူး။ သူတို့လိုချင်တာ နေဝင်း သက်တောင့်သက်သာ ရှိဖို့နဲ့ Johnson နဲ့ ပိုရင်းနှီးလာဖို့ပဲ၊ ဒီအချိန်မှာ သူတို့သုံးသပ် ဆုံးဖြတ်လိုက်တာကတော့ ဒီ တရားလွန် ကြားနေ( ဘက်မလိုက်) ဝါဒ ကြောင့် မြန်မာပြည်တွင်းရေးမှာ ဘယ်လောက်ပဲ နစ်နာ၊နစ်နာ၊ ဝါရှင်တန် အတွက်တော့ အရှုံးမရှိဘူး ဆိုတာကိုပါပဲ။
Johnson နဲ့ နှစ်ယောက်တည်း တနာရီ ဆွေးနွေးတာ အပါအဝင် နှစ်ရက်ကြာ ပြောဆိုပြီးကြတော့ နေဝင်း တယောက် ဝါရှင်တန်ကနေ ဆိုင်းမဆင့် ဗုံမဆင့် ထွက်သွားပါလေရော။ ပထမ New York မှာ ခနဝင်ပြီး UN မှာ လုပ်နေတဲ့ ဦးသန့်ကို ဝင်တွေ့တယ်၊ နောက် အမေရိကန်ပြည် ၁၁ ရက်ကြာ အလည်ခရီးကို စတယ်။ ဒီတခေါက်က သူ့ရဲ့ ပထမဆုံး နိုင်ငံတော်အဆင့် ခရီးစဉ်ဆိုပေမယ့်၊ သည့်အရင်က သူ အမေရိက ကို ၅ ခေါက် ရောက်ဘူးတယ်။ အဲဒီတုန်းက သိပ်အဆင်ပြေခဲ့တာတော့ မဟုတ်ဘူး။ နေဝင်းက အဲဒီတုန်းက သူ့ကို ဆက်ဆံခဲ့ကြတာကို အခုထိ မမေ့နိုင်သေးဘူးဆိုတာ အမေရိကန်တွေက သိထားပြီး၊ အရင်အခေါက်လို ပြသနာမျိုးတွေ ထပ်မဖြစ်အောင် အထူးဂရုစိုက်နေကြတယ်။ အဲဒီအခေါက်တုန်းက အမေရိကန် အကောက်ခွန်တွေက သူ့အိပ်တွေကို ဖွင့်ရှာခဲ့ကြတယ်၊ Pentagon သွားတုန်းက ဗိုလ်ချုပ်ကြီးခင်မျာမှာ ထိုင်စောင့်လိုက်ရသေးတယ်၊ နေဝင်းမိန်းမကို အဲဒီတုန်းက အမေရိကန် သမ္မတကတော် Mamie Eisenhower က နှိမ်ပြီးပြောလိုက်တာကို ကြားသွားသေးတယ်။ သည်တခါတော့ နေဝင်း ဘာလိုချင်ချင်၊ ရစေသတည်းပဲ။ ဒီတော့လည်း မြန်မာ့တော်လှန်ရေး ကောင်စီ ဥက္ကဌကြီးက " ဒီမှာကွ၊ ငါ စက်ရုံတွေ ဘာတွေ ဘာမှ မသွားချင်ဘူးနော်၊ Maui ကျွန်းသွားပြီး ဂေါက်သွားရိုက်ရအောင် " ပြောတော့ အားလုံး Hawii ကျွန်းဘက် လှည့်လိုက်ကြတာ ပြန်သွားတဲ့ အထိပါပဲ။

Thant Myint-U
The River of Lost Footsteps ( 2007 )
pg-301-302

Godfather of ကြံ့ဖွတ်

မေး- မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အထင်အမြင် ပြောပါ၊ နောက် ၁၀ နှစ်အတွင်း သိသာတဲ့ အပြောင်းအလဲတွေ ရှိလာနိုင်မယ် ထင်ပါသလား။
ဖြေ- အားလုံး စိတ်တူသဘောတူ ပြောင်းရင်ပြောင်း၊ မပြောင်းရင် အကြမ်းနည်းနဲ့ ပြောင်းသွားမှာပဲ။ အခု ခေါင်းဆောင်တွေ ဘယ်လောက်ကြာကြာ ခံမလဲ၊ နောက်တက်မယ့် ခေါင်းဆောင်တွေကော ဘယ်လောက်ကြာကြာ ခံမလဲ။ နောင်ကို အသက်ပိုငယ်တဲ့ ဗိုလ်ချုပ်တွေဆီ လွှဲသွားကြရမှာပဲ။ သူတို့တွေ အထီးကျန်ဖြစ်နေပြီ၊ ထိုင်းက တိုးတက်နေတာကိုလဲ သူတို့ မြင်နေရတာပဲ။ ဟုတ်ပါတယ်၊ သူတို့ ကိုယ်တိုင်တော့ ပိုချမ်းသာလာပါတယ်၊ ဒါပေမယ့် တိုင်းပြည်က ပိုပိုပြီး ဆင်းရဲလာနေတယ်၊ ဆရာဝန်တွေလည်း ဆင်းရဲ၊ ဆေးက မရှိ၊ ပညာတွေ က မတတ်ကြတော့၊ မင်းတို့ကော ကိုယ့်တိုင်းပြည်ကို ဒီလို ဖြစ်စေချင်မလား။ ဒီတော့ ဒီလူတွေ ဦးနှောက်ရှိသေးရင် ဖွင့်ပေးလာရမှာပဲ။ ဖွင့်မယ်ဆို ကိုယ့်ပြည်သူတွေကို သိအောင်တတ်အောင် လုပ်ပေးရတော့မယ်။ လူတွေ သိလာ၊တတ်လာရင် တချို့ ကိစ္စတွေ ဖြစ်လာတော့မယ်။ ဒီတော့ ဒီလူတွေ အဲသလိုလုပ်ပေးလိမ့်မယ်လို့ ငါတော့ မမြင်ဘူး။
အဲဒီလူတွေတော့ ငါလက်လျော့လိုက်ပြီ။ ဘယ် အမေရိကန် လာလာ၊ ငါပြောပါတယ်။ သွား၊ ငယ်တဲ့ ဝန်ကြီးတွေနဲ့ သွားတွေ့။ ငါ ခင်ညွန့်ကို ပြောလိုက်တယ်။ ဒီကောင် ဗိုလ်ချုပ်တွေထဲမှာ ဥာဏ်အပြေးဆုံး၊ ထောက်လှမ်းရေးမှာ အကြီးဆုံး။ သူ့ကို အင်ဒီုနီးရှားလမ်း လိုက်ဖို့ ငါပြောလိုက်တယ်၊ uniform ကို ချွတ်၊ ပါတီ ထောင်၊ ရွေးကောက်ပွဲလုပ်ပြီး ကိုယ့်ကိုကိုယ် နိုင်ငံရေး အင်အားစု ဖြစ်အောင် ပြောင်း။ ဒီလမ်းအတိုင်း သူတို့ သွားနေပြီ။ နောက် ဆူဟာတို ပြုတ်ကျတယ်၊ ဒီတော့ ငါပေးတဲ့ အကြံမှားတယ် ပြောတယ်။ ငါ့ကို မြန်မာပြည်အကြောင်း လာမပြောနဲ့တော့၊ ငါ့ တသက်တော့ ဒီကောင်တွေကို စာရင်းထဲက ထုတ်ထားတယ်။
Lee Kuan Yew : Hard truth to keep Singapore Going (2011): pg-320

၁၉၉၃ ကျမှပဲ၊ သူတို့ဆီက အဓိကခေါင်းဆောင်ပိုင်းထဲက ဗိုလ်မှုးကြီး ခင်ညွန့် စင်္ကာပူလာပြီး ကျွန်တော့်ကို လာတွေ့တဲ့အခါကျမှ နည်းနည်းပါးပါး ပြန်ပြောဖေါ် ရတော့တယ်။ ဒါလဲ နေဝင်း စိတ်ပြောင်းသွားလို့ ဖြစ်မှာ။ နေဝင်းက ကျုပ်က သူ့မိတ်ဆွေဟောင်းလို့ ပြောထားလို့ ဖြစ်မယ်၊ ကျွန်တော်ရှင်းပြတာကို သူသေချာ နားထောင်သွားတယ်။ မြန်မာပြည်က စစ်အေးအလွန် ကမ္ဘာကြီးနဲ့ အဆင်ပြေအောင် လိုက်ပြောင်းရမယ်၊ စီးပွားရေးကို ဖွင့်လိုက်ပြီး တတိုင်းပြည်လုံး တိုးတက်လာအောင် လုပ်ရမယ်။ ကျွန်တော်က တရုတ်ပြည် နဲ့ ဗီယက်နမ် ကို ပြတယ်၊ အရင် အလုံပိတ်ထားတဲ့ တိုင်းပြည်တွေ ထဲပါတယ်၊ ခု tourism ကို အားပေးတယ်၊ အလုပ်အကိုင်တွေ နဲ့ ဥစ္စာဓန တွေပေါ်လာအောင် နိုင်ငံခြား ရင်းနှီး မြှပ်နှံသူတွေကို ဖိတ်ခေါ် နေတယ်။
အဲဒီတုန်းက ခင်ညွန့်က ထောက်လှမ်းရေး အကြီးအကဲ၊ စစ်အစိုးရ SLORC မှာ အကောင်ကြီးကြီးပေါ့။ နောက် မြန်မာပြည်ရဲ့ သူရဲကောင်း၊ ပထမဆုံး ဝန်ကြီးချုပ် လုပ်သွားတဲ့ အောင်ဆန်း ရဲ့ သမီး အောင်ဆန်းစုကြည် ပေါ် ထားတဲ့ သူတို့ရဲ့ policy တွေကို ပြန်သုံးသပ်ဖို့ ပြောလိုက်တယ်၊ သူမ က အင်္ဂလိပ်တယောက်နဲ့ ယူထားပြီး၊ နောက် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဦးဆောင်ဖို့ မြန်မာပြည် ပြန်ရောက်နေတာပါ။ သူတို့လည်း သူမကို တသက်လုံး ချုပ်ထားနိုင်တာ မဟုတ်ဘူး၊ အမြဲတမ်း သူတို့ အစိုးရ အရှက်ရ စရာကြီး ဖြစ်နေလိမ့်မယ်။
မြန်မာပြည်က ကိုယ့်ပြည်သူတွေရဲ့ ဘဝတွေ ကို မြှင့်တင်ပေးရမယ်၊ နိုင်ငံခြား အတွေ့အကြုံ ရှိပြီး အရည်အချင်းလည်း ရှိတဲ့လူတွေကို အစိုးရ အဖွဲ့ထဲ ခေါ်ထည့်၊ တပ်အရာရှိတွေချည်းပါတဲ့ အစိုးရက ဘယ်လိုလုပ်ပြီး တိုင်းပြည်စီးပွားရေးကို မောင်းနိုင်မလဲ။ စင်္ကာပူက မြန်မာကို စီးပွားရေးအရ ကူညီနိုင်လာအောင်၊ အဆက်အဆံလုပ်လို့ ကောင်းအောင် သူတို့ဘက်က လုပ်ပေးရမယ် ပြောလိုက်တယ်။ ဒီလို ဆက်ဆံကူညီတာဟာ မြန်မာပြည် လက်ရှိစံနစ် သက်ဆိုးရှည်အောင် မဟုတ်ပဲ၊ စံနစ်မှန်ကို ပြန်သွားနိုင်အောင် ကူညီတာ ဆို စင်္ကာပူလည်း သူ့လုပ်ရပ်ကို နိုင်ငံတကာမှာ ရှင်းနိုင်တာပေါ့။ ကျွန်တော်ပြောတာ လိုက်မှတ်ပေးတဲ့ မြန်မာပြည်ဆိုင်ရာ နိုင်ငံခြားရေးရုံးက အရာရှိဆို ခင်ညွန့် ပြင်းပြင်းထန်ထန် ပြန်ပြောလိုက်မှာ စိုးနေတာ၊ အားလုံးလဲ ပြောပြီးရော ခင်ညွန့်က " ဒီလို တန်ဖိုးရှိတဲ့ အကြံဥာဏ်တွေ ပေးတာ ကျေးဇူးတင်ပါတယ်" လဲ ပြောရော အဲဒီ အရာရှိလည်း အတော် အံ့အား သင့်သွားတယ်။
နောက် ၁၉၉၅ ဇွန်လ မှာ SLORC က ဥက္ကဌ၊ မြန်မာပြည် ဝန်ကြီးချုပ် ဗိုလ်ချုပ်သန်းရွှေ စင်္ကာပူကို လာလည်တော့ အင်ဒိုနီးရှားကို သွားလည်ပြီး ဆူဟာတို ခေါင်းဆောင်တဲ့ စစ်အစိုးရ ကနေ ရွေးကောက်တဲ့ အစိုးရ အဖြစ်ပြောင်းလိုက်တာကို သွားလေ့လာပါ ပြောလိုက်တယ်။ အင်ဒိုနီးရှား ဖွဲ့စည်းပုံက ဥပဒေပြု လွှတ်တော်ကို ဖွဲ့တဲ့နေရာမှာ dwi-fungsi ( ဒွိစုံ ) စံနစ်လို့လုပ်ပြီး စစ်တပ်ကို အစိုးရအဖွဲ့ထဲ တိုက်ရိုက်ဝင်ပါ နိုင်အောင် လုပ်ပေးထားတယ်။ တိုင်းပြည် လုံခြုံအောင် မပြိုကွဲအောင် လုပ်တဲ့အခါမှာ အင်ဒိုနီးရှားစစ်တပ်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရကို နေရာ ရထားတယ်။ သမ္မတ နဲ့ လွှတ်တော်ကို ငါးနှစ်တကြိမ် ရွေးတယ်။ မြန်မာပြည်က အရှေ့တောင်အာရှက တခြားတိုင်းပြည်တွေလို ဖြစ်ချင်ရင် ဒီလမ်းကြောင်းကိုလိုက်ရမယ်။

Lee Kuan Yew,
From Third World to First ( 2000 )
The Singapore Story: 1965-2000
Pg-362