Tuesday, June 11, 2013

ကုန်လုလု၊ ကုလုံ



                       ဆရာကြီး ကွေး တခါ ရေးဘူးပါတယ်။ သူ နယ်က စာပေဟောပြောပွဲမှာ မေးခွန်း အချိန်လည်းရောက်ရော စာဖတ်ပရိသတ်ကြီး သိချင်တာ ဘာပဲဖြစ်ဖြစ် မေးပါဆိုပြီး ဖိတ်လိုက်တယ်။ တယောက်က ဘာ ထ မေးလည်း ဆိုတော့ ဆရာကြီး ကုလုံ အကြောင်း သိချင်ပါတယ် ဆိုပဲ။ ကုလုံ က တရုတ်သိုင်း ဝတ္ထု ရေးတာပဲ သိတော့ ဆရာကြီးကွေး က “ သူ့နံမည် အရင်း က ကုလုံ မဟုတ်ဘူးဗျ၊ ဒါပေမယ့် သူ့စာအုပ် ထုတ်လိုက်တိုင်း  အရမ်းရောင်းကောင်းပြီး ကုန်လုလု ဖြစ်ဖြစ်သွားလို့  ‘ကုန်လု’ လို့ ခေါ်ရင်းက ‘ကုလုံ’ ဖြစ်သွားတာလို့ ခပ်တည်တည်နဲ့ ရွှီးခဲ့တယ် လို့ ပြန်ရေးပါတယ်။

          အဲဒီ လူမေးတာလည်း မပြောနဲ့။ ကျွန်တော်တို့လည်း သိချင်တာပဲ။ ရှေးသိုင်းပညာတွေ အရမ်းထွန်းကား တဲ့ အရင်နှစ်တရာလောက်က စာရေး ဆရာကြီးတွေ များလားပေါ့ ။ အဲဒီ အတွင်းအားကျင့်စဉ် ကျမ်းတွေ၊ သိုင်းကျမ်းတွေ ဘယ်မှာ ရှာလို့ ရမလဲပေါ့။ အတွင်းအား ကောင်းတဲ့ အသီးများ ဘုန်းကြီးကျောင်းထဲက အပင်မှာ တွေ့မလား ဘာလားပေါ့။ ကလေးတွေ အဲဒါတွေ ဖတ်တာကို လူကြီး( အသက် ၄၀ အထက် ) တွေက ကြိုက်တာ မဟုတ်ဘူး။ အဲဒါ တရုတ်ဘိန်းစားတွေ ဘိန်းရှုပြီး ရူးကြောင်မူးကြောင်နဲ့ လျှောက်ရေးထားတာ၊ ဖတ်မနေ နဲ့လို့ ရပ်ကွက်ပညာရှိများက ဆုံးမပါတယ်။ လူလတ် အသက် ၂၀၊ ၂၅ တွေ က ကျွန်တော်တို့ ကလေးတွေ နဲ့ လုဖတ်နေကျ။ လမ်းထိပ် က ပရဟိတ စာအုပ်အငှားဆိုင်က ပိုင်ရှင် ညီအစ်ကို တွေက စာအုပ်အသစ် ( နဂါးနိုင်ဓါး ခေတ် ) ထွက်ရင် သူတို့ ညီအစ်ကိုတွေ အကုန် ဖတ်ပြီးမှ စ ငှားတယ်။ သူတို့ပြီးအောင် စောင့်နေရသေးတယ်။ အတွဲဟောင်း ( ကိုးသချိုင်း ) တွေဆို တအုပ် တမတ် နဲ့ တနေ့ လေးအုပ် လောက် ဖတ်တယ်။ ဖတ်ရမှာ ပျင်းတဲ့ အမ တွေကို ဇတ်လမ်း ပြန်ပြောပြတယ်။ နောက် ကိုယ် အသက်ကြီးလာတာနဲ့အတူ ဝတ္ထု တွေက လည်း ညံ့လာတယ်။ တကယ် ဘာသာပြန်တာ မဟုတ်ပဲ ရှိပြီးသားတွေက ဟိုတပိုဒ်၊ သည်တပိုဒ် စုပြီး အင်လုပ်ထားတာတွေ ဖြစ်နေတာနဲ့ နောက် သိပ်မဖတ်ဖြစ်တော့ဘူး။ နဝတ ခေတ်၊ အဲဒီ ဝတ္ထုတွေကို TV series တွေ ပြတော့လည်း အားပေးတာပဲ။ အခု အင်တာနက်ခေတ် online ebook တွေဆိုလည်း သိုင်းဝတ္ထုတွေ အရင် download လုပ်တာပဲ။ စာပြန်ရိုက်ပေးတဲ့ ကလေးတွေ ရှိတော့ သူတို့လည်း ဒါတွေကို တော်တော်ကြိုက်ကြတယ် ထင်ပါတယ်။ အင်တာနက်ထဲ ကြည့်လိုက်ရင် သူလို၊ကိုယ်လို ပေါတဲ့လူတွေ အများသား  (http://wuxiapedia.com/ )။ အားငယ်စရာ မရှိ။

  ထားပါတော့။ အခု အဲဒီ ကုလုံ တို့ အကြောင်း ရှာပြီး တင်လိုက်တယ်။ ဘိန်းစားလို့ စာရေးကောင်းတာ မဟုတ်ပါဘူး။ စိတ်ကူးကောင်းလို့ စာရေးကောင်းတာပါ ဆိုပြီး။

                                              ကျင်းယုံ



          သူ့နံမည်အရင်းက Louis Chia Leung-yung ၊ ဒါပေမယ့် သူ့ကလောင်နံမည် ကျင်းယုံ ( Jin Yong ) နဲ့ပဲ လူသိပိုများတယ်။ ၁၉၂၄ မှာ တရုတ်ပြည်မှာ မွေးတယ်၊ ပညာသင်တယ်၊ တမျိုးလုံးက နာမည်ကြီး ပညာတတ်တွေ ဖြစ်တယ်။ နိုင်ငံတကာ ဥပဒေ အထူးပြု ယူပြီး နိုင်ငံခြားရေး ရုံးမှာလုပ်ဖို့ စိတ်ကူးခဲ့တယ်။ နောက် journalist ဖြစ်လာပြီး ဟောင်ကောင် ရုံးခွဲကို ၁၉၄၈ မှာ ပြောင်းပြီးကတည်း က ဟောင်ကောင်မှာပဲ နေတော့တယ်။ ဟောင်ကောင် က သိုင်းဝတ္ထု ( Wu Xia novels ) ရေးတဲ့လူတွေနဲ့ ပေါင်းမိပြီး ၁၉၅၅မှာ သူလည်း စ ရေးတယ်။ ၁၉၅၇ မှာ အလုပ်ကထွက်ပြီး ရုပ်ရှင်ကုမ္ပဏီမှာ ဇာတ်ညွှန်းရေး ဆရာ ပြောင်းလုပ်တယ်။ ၁၉၅၉ မှာ ဟောင်ကောင် Ming Pao သတင်းစာ တိုက်ကို တည်ထောင်တယ်။ ခေါင်းကြီးပိုင်း၊ အခန်းဆက် ဝတ္ထု အစုံရေးတယ်။ တနေ့ကို စာလုံး တသောင်းလောက် ရေးနိုင်တယ်။ သူ့သိုင်းဝတ္ထုတွေ အရမ်း နံမည်ကြီး ခဲ့တယ်။ ၁၉၇၂ မှာ စာရေးဆရာ ဘဝ ကနေ အနားယူပြီး ရေးပြီးသား စာတွေကိုပဲ edit လုပ်၊ ပြန်ရေး လုပ်တယ်။ ၁၉၇၉ လောက် က စပြီး စာစဉ် အတွဲတွေ အနေနဲ့ ပြန်ထုတ်တယ်။ ၁၉၇၀ နောက်ပိုင်း ကစ ပြီး ဟောင်ကောင် နိုင်ငံရေးမှာ ဝင်ပါလာတယ်။ ၁၉၉၆ မှာ ဟောင်ကောင်ကို တရုတ်ပြည်အောက် လွှဲတော့လည်း  အပြောင်းအလဲ ကာလ အတွင်း စီမံအုပ်ချုပ်သူ အဖွဲ့မှာ ပါခဲ့တယ်။ ၁၉၉၃ မှာ အယ်ဒီတာ ဘဝ ကပါ အနားယူလိုက်တယ်။

     သိုင်းဝတ္ထု မဟုတ်တဲ့ တရုတ်သမိုင်း နဲ့ ပတ်သတ်တဲ့ စာပေ လက်ရာ အများအပြား ရေးခဲ့တယ်။ အင်္ဂလိပ် နဲ့ ပြင်သစ် အစိုးရ ဆီက အဆင့်မြင့် ဂုဏ်ထူးဆောင် ဘွဲ့ များ ရရှိခဲ့တယ်။ တရုတ်ပြည်၊ ဟောင်ကောင် နဲ့ အင်္ဂလန် က တက္ကသိုလ် အများမှာ ဂုဏ်ထူးဆောင် ပါမောက္ခ ဖြစ်ခဲ့တယ်။ ၂၀၁၀ ( အသက် ၈၆ ) မှာ တရုတ်သမိုင်း နဲ့ ကျမ်းပြုပြီး cambridge က PhD ရတယ်။ အခု ၂၀၁၃ မှာ အသက် ၈၉ ရှိပြီ။ လက်ရှိ သူရဲ့ ပိုင်ဆိုင်မှုက ဟောင်ကောင်ဒေါ်လာ သန်း ၆၀၀ လောက် ရှိတယ်။

               သူက နိုင်ငံရေးသမားလည်း ဖြစ်တော့ သူ့စာ တွေကို ယုံထင်ကြောင်ထင် နဲ့ ပိတ်ကြသေးတယ်။ နိုင်ငံရေးသမားတွေက တယောက်နဲ့ တယောက် အဲဒီ ဝတ္ထုတွေ ထဲက လူဆိုး နံမည်တွေ တပ် ခေါ်ပြီး ပုတ်ခတ်ကြတယ်။ တရုတ်ပြည်မှာ သူ့ ဝတ္ထုတွေက မော်စီတုန်း နဲ့ ယဉ်ကျေးမှု တော်လှန်ရေးကို လှောင်တယ် ထင်လို့ ပိတ်ကြတယ်၊ ထိုင်ဝမ် မှာ ကျတော့ ကွန်မြူနစ် အတွေးအခေါ်တွေ ပါတယ် ဆိုပြီး ပိတ်ခဲ့ကြတယ်။ အခုခေတ်တော့ မပိတ်တော့ဘူး။ သူ့ စာဖတ်ပရိသတ်ထဲမှာ တိန့်ရှောင်ဖိန် တောင် ပါသေးတယ်။

၁. The Legend of the Condor Heroes (  ဘုန်းကြွယ်၊ ကိုးသင်္ချိုင်း က စိန်ခေါ်သံ )၊ Guo Jing ( ကောကျင့်၊ မျိုးချစ်) နဲ့ Huang Rong (ဟွမ်ယုံ၊ ချောကလျာ)

၂. The Return of the Condor Heroes ( ဘုန်းကြွယ် )၊ Yang Guo ( ယန်ကော၊ မောင်မျှော်မြင်) နဲ့ Xiaolongnü ( ရှောက်လုံနု၊ နဂါးမယ်လေး )

၃. The Heaven Sword and Dragon Saber ( နေလင်းအောင်၊ နဂါးနိုင်ဓါး )၊ Zhang Wuji ( ကျန်းဝူကျိ ) နဲ့ Zhao Min ( ကျောက်မိန် )

၎. The Smiling, Proud Wanderer ( Xiao Ao Jiang Hu) ၊ နေလင်းအောင်၊ သိုင်းလောက ၏ စိန်ခေါ်သံ၊ Linghu Chong ( လင်းဟူချုံး )၊ Ren Yingying ( လင်းလင်း )၊ Yue Buqun ( ရက်ပုချွန် )၊ Dongfang Bubai ( တုံးဖန်းပုပိုက်)

     အဲဒီထဲက တောင်ငါးလုံး ဂိုဏ်းဆိုတာ ဆိုဗီယက်၊ ခေါင်းဆောင် ကျိလင်ထန် ဆိုတာ စတာလင်၊ နေမင်းသခင် ဂိုဏ်းဆိုတာ တရုတ်ပြည်၊ ဂိုဏ်းချုပ် တုံးဖန်းပု ဆိုတာ မော်စီတုန်း၊ ဆရာကြီးဂိုဏ်းတွေ ဖြစ်တဲ့ ရှောင်လင်၊ ဝူတန် နဲ့ အော်မေ့ ဆိုတာ အမေရိကန် ခေါင်းဆောင်တဲ့ နေတိုး အဖွဲ့တွေကို ကိုယ်စားပြုတယ်လို့ နားလည် ခဲ့ကြတယ်။ George Orwell ကလဲ 1984 ဝတ္ထုမှာ Oceania, Eurasia, and East Asia ဆိုပြီး အဲဒီအတိုင်း သုံးအုပ်စု ခွဲပြီး မြင်ခဲ့တယ်။

                                          ကုလုံ


 

                    နံမည်အရင်းက Xiong Yaohua ၊ ကလောင်နံမည် ကုလုံ ( Gu Long ) ကို ၁၉၃၈ မှာ ဟောင်ကောင်မှာ မွေးတယ်။ ၁၉၅၂ မှာ ထိုင်ဝမ် ကို ပြောင်းနေတယ်။ အလုပ်တပိုင်း ကျောင်းတပိုင်း တက်ပြီး နိုင်ငံခြားဘာသာ  နဲ့ ကျောင်းပြီးတယ်။ တိုင်ပေ က အမေရိကန် စစ်စခန်းမှာ အလုပ်ဝင်တယ်။ ၁၉၆၀ မှာ သိုင်းဝတ္ထုတွေ စ ရေးတယ်။ မအောင်မြင်ဘူး။ သူက Ernest Hemingway, Jack London, John Steinbeck နဲ့ Friedrich Nietzsche တို့ရဲ့ စာတွေ သိပ်ကြိုက်တယ်။ တရုပ် သမိုင်း နဲ့ ယဉ်ကျေးမှုတွေ ကို သိုင်းဝတ္ထု ထဲ ထည့်ရေးတဲ့ ကျင်းယုံ တို့ စတိုင်ကို မလိုက်ချင်ဘူး။ အနောက်တိုင်းက James Bond, The Godfather ဝတ္ထုတွေရဲ့ စတိုင်အတိုင်း ရေးမယ် ဆိုပြီး အသစ်ထွင်တယ်။ ဇတ်လမ်းကို ပြဇတ်တပုဒ်လို ဇတ်ကောင်တွေ အချီအချ ပြောစကား တွေ နဲ့ ဖေါ်ယူတယ်။ နောက် အရမ်းလူကြိုက်များလာပြီး ကျင်းယုံ၊ လျံယူရှမ်း နဲ့ အတူ ကုလုံ ကို သိုင်းဝတ္ထုလောက ရဲ့ ဒေါက်တိုင်ကြီး သုံးတိုင် အဖြစ် သတ်မှတ်ခံရတယ်။ သူက မိန်းမ လည်း ရှုပ်သလို ၊ အရက်လည်း သိပ်သောက်တယ်။ ၁၉၈၀ လောက်မှာ ကိုယ်ပိုင် ရုပ်ရှင်ကုမ္ပဏီ ထောင်ပြီး သူ့ဝတ္ထုတွေ ကို ပြန်ရိုက်တယ်။ နောက်ပိုင်း စိတ်ဓါတ် ကော၊ ကျန်းမာရေးကော၊ နံမည်ကော ကျလာလို့  ရှဲဒိုး စာရေးဆရာတွေကို အပ်ပြီး ရေးခိုင်းရတယ်။ ၁၉၈၅၊ အသက် ၄၈ မှာ အရက်ကြောင့် အသည်းကျွမ်းပြီး သေတယ်။ သူ့အသုဘမှာ သူငယ်ချင်းတွေက အရက် ၄၈ ပုလင်း လက်ဆောင်ပို့ပြီး နှုတ်ဆက်ကြတယ်။
             1.     Juedai Shuangjiao ( မိုးကျော်သူ၊ ရန်သူညီနောင် )၊ Jiang Xiaoyu ( ငါးကလေး )၊ လူမိုက်တောင်ကြား
             2. Lu Xiaofeng ( မိုးကျော်သူ၊ မျက်ခုံးမွှေး လေးခုရှင် လုရှောင်ဖုန့် series )၊ Chu Liuxiang  series





 

Sunday, June 9, 2013

Burglish


Burglish ကို phonology သုံးပြီး ရေးရင် ဘယ်လိုနေမလဲ ဆိုပြီး လျှောက်ဖတ်ကြည့်တော့ ဒါတွေ တွေ့တယ်။

မြန်မာစာ နဲ့ စကားတွေကို ကကြီး၊ ခကွေး သုံးပြီး ရေးလေ့ရှိတယ်။ အဲဒါကိုပဲ A,B,C,D သုံးပြီး ရေးတာကို romanization လို့ ခေါ်ကြတယ်။ နကိုယ် ကကြီး၊ ခကွေး နဲ့ ရေးထားတာကို အခြေခံပြီးမှ ပြောင်းရင် transliteration လုပ်တယ်ခေါ်ပြီး၊ ပါးစပ်ကထွက်တဲ့ အသံကို အခြေခံပြီး တိုက်ရိုက် ပြောင်းရင် transcription လုပ်တယ် ခေါ်ကြတယ်။ Burglish ကို transcription လုပ်တာလို့ ခေါ်ရမှာပေါ့။

ဒီပြောင်းတာကို လူက ချရေးမှာဆိုတော့ လွယ်လေ၊ ကောင်းလေပဲ။ လွယ်အောင်၊ တိကျအောင် မြန်မာစကားထဲက အသံတူ၊ အရေးကွဲတွေကို ဖယ်ပစ်ရမယ်။ ( သဘောတရားအရ အသံထွက်ကွဲပေမည့် လက်တွေ့မှာ မကွဲရင် ဖယ်ရမှာပဲ၊ ဥပမာ ဂ၊ဃ၊န၊ဏ )။ အရေးတူပေမယ့် အသံကွဲရင် အသစ်ထည့်ရမယ် ( ဥပမာ အသီး နဲ့ ပန်းသီး ထဲက သ )။

မြန်မာစာမှာ အ၊အာ၊အား ဆိုပြီး tone သုံးခု ရှိတယ်။ tone မတူရင် အဓိပ္ပါယ်လည်း မတူဘူး။ အင်္ဂလိပ်စာမှာ အဲဒီလို မခွဲတော့ tone မတူတာကို ပြစရာ သင်္ကေတ မရှိဘူး။ အဲဒါကို အဓိက စဉ်းစားရမယ်။ တချို့က အဲဒီ tone တွေပြဖို့ special symbol တွေ သုံးတယ်။ အဲဒီ symbol တွေ ရိုက်လို့ရတဲ့ စက်မှာမှ သုံးလို့ ရမယ်ဆိုတော့ အဆင်သိပ်မပြေ ပြန်ဘူး။

ဆရာဦးသောင်းလွင် ( ရှင်သုမန )က တော့ မြန်မာ tone တွေနဲ့ ချွတ်စွပ်တူတဲ့ အင်္ဂလိပ် စာလုံးပေါင်းတွေကို ရှာထားပြီး အဲဒါတွေကို အခြေခံတဲ့ transcription တခု ထွင်ထားတယ်။ သူ့စံနစ်ကို နိုင်ငံတကာမှာ မှတ်ပုံတင်မယ် ဆိုပြီးတော့ ဆရာကြီး ပြောဘူးတယ်။

mandarin တရုပ်စာကို romanization လုပ်တဲ့ စံနစ်ကိုကျတော့ PinYin ခေါ်တယ်။ mandarin မှာ tone လေးခု ရှိတယ်။ အစက special symbol လေးခု သုံးပြီးပြတယ်။ နောက်ပိုင်း စက်တိုင်းမှာ ရိုက်လို့ ရအောင် 1,2,3,4 နဲ့ပဲ ပြတော့တယ်။ မြန်မာစာအဖွဲ့က စံနစ်မှာ တော့ ဗမာ tone သုံးခု ထဲက ပထမ တခုကို အထူး သင်္ကေတ မထည့်ပဲ ရေးတယ်။ နောက် ၂ ခုကို full stop က အစက်တစက် နဲ့ colon က နှစ်စက် ကို သုံးပြီး ပြတယ် ( ဥပမာ အ၊အာ၊အား ကို a ၊ a. ၊ a: ဆိုပြီးရေးတယ် )။ မြန်မာစာ က အောက်မြစ် ၊ ဝစ္စပေါက်တွေ နဲ့ ဆင်တော့ ဗမာတွေအတွက်  အသင့်တော်ဆုံးလို့ ထင်တယ်။ Burglish ထဲကျမှ full stop နဲ့ မရောအောင်ပဲ ဂရုစိုက် ရမယ်။ တချို့ စံနစ်တွေကျ tilde, quote, double quote တွေ သုံးပြီး ပြတာလည်း ရှိတယ်။

စာလုံးတွေ လျှော့တာနဲ့ ပတ်သတ်ပြီး ယောမင်းကြီး ရဲ့ ကြေးနန်းစာအုပ် ( ကို NLS တင်ပေးထားတာ ) ကို ကြည့်တော့ ယောမင်းကြီး က 'ဋ' တတန်းလုံး အပါအဝင် ဆယ်လုံးကို ကစ်ပြစ်လိုက်တယ်။ နောက် ပင့်၊ ရစ်တွေကို ဖြေချတယ်၊ ပြီးတော့ ဗျည်း၊ သရကို ခွဲပြီး ( ငယ်ငယ်က သင်ရတဲ့ ခအဲ နဲ့ စအူးလို ) ရေးတယ်။ ဒီတော့ "စကားပြောနန်း တန်းလုပ်စေ" ကို "စအ၊ ကအား၊ ပရသြ၊ နအနး၊ တအနး၊ လဥပ၊ စဧ" ဆိုပြီး ရေးတယ်။ transcription နဲ့ တိုက်ရိုက်မဆိုင်ပေမယ့် သဘောကျလို့ ထည့်ပြောတာပါ။

attach လုပ်ထားတဲ့ Excel file ထဲမှာ ရှာတွေ့တဲ့ ရေးပုံလေးတွေ စုထားတယ်။

Ref က Reference အနေနဲ့ ထည့်ပေးထားတာ။ BGN/PCGN က  United States က Board on Geographic Names (BGN) and Permanent Committee on Geographical Names for British Official Use (PCGN) က ရေးတဲ့ စံနစ်၊ ALA-LC က American Library Association - Library of Congress က စံနစ်။ MLC က Myanmar Language Commission ( မြန်မာစာ အဖွဲ့ ) က စံနစ်။

သူတို့ အားလုံးက အင်္ဂလိပ်စာ တတ်တဲ့ နိုင်ငံခြားသားတွေ မြန်မာစာကို ပေါင်းရေးဖို့ ထွင်ထားတာ။ ကျွန်တော်တို့က မြန်မာစာကို ကွန်ပျူတာမှာ စံနစ်အခြေတကျ မရှိသေးလို့ ယာယီ Burglish သုံးရတဲ့ မြန်မာတွေ ဆိုတော့ အဲဒီစံနစ်တွေကို ၁၀၀ % ကြိုက်ချင်မှာ ကြိုက်မယ်။ ကိုယ်ကြိုက်တဲ့ ပေါင်းပုံလေးကို propose column မှာ ဖြည့်ပြီး ကိုယ်စိတ်တိုင်းကျတဲ့ စံနစ်တခု လုပ်ကြည့်ကြပါလား။
excel file down load link : http://www.mediafire.com/?38shp12j88mb888