Thursday, July 12, 2012

                             ရိုဟင်ဂျာ ၊ ရိုအင်ဂျာ နှင့် ရိုအင်ညာ


                     ၂၀၀၉ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းလောက်မှာ ထိုင်း ပင်လယ်ကမ်းခြေတွေမှာ အပန်းဖြေ ရောက်နေတဲ့ နိုင်ငံခြားသား တွေက ထူးဆန်းတဲ့ မြင်ကွင်းတခုကို တွေ့လိုက်ရတယ်။ ထိုင်းစစ်သားတွေက ရာနဲ့ချီနေတဲ့ ကုလားတွေ အများကြီးကို ကမ်းခြေမှာ တန်းစီအိပ်ခိုင်းထားတာကို တွေ့ရတယ်၊ သူတို့တွေ စီးလာတဲ့ မော်တော်တွေကို ဖမ်းထားတာလဲ တွေ့တယ်။ မေးကြည့်တော့ လူမှောင်ခိုတွေက ခိုးသွင်းလာတဲ့ ရိုဟင်ဂျာတွေလို့ သိရတယ်၊ ဓါတ်ပုံတွေ ဗီဒီယိုတွေ ပွထ သွားပြီး၊ နောက်ခံ သတင်းတွေကို လိုက်ကြတယ်။
                    တဖြည်းဖြည်း နဲ့ သိလာရတာက သူတို့တွေဟာ မြန်မာပြည်က ခိုးထွက်လာတာ ဖြစ်တယ်။ လူမှောင်ခိုတွေကို ပိုက်ဆံပေးပြီး ထိုင်း၊ အင်ဒို၊ မလေး၊ သြစတေးလျ တို့ကို ခိုးဝင်ပြီး အခြေချကြတယ်၊ သူတို့ ခိုးဝင်ဖို့ ကြိုးစားတဲ့ နိုင်ငံတွေကလည်း မိရင် ရိုက်နှက် အကျဉ်းချ၊ ကုန်းပေါ်မရောက်သေးခင် မိရင် အတင်း ရေထဲ ပြန်တွန်းထုတ်၊ နောက်တနိုင်ငံကိုရောက်ရင် လစ်ရင်တက်၊ မလစ်ရင် ရေထဲပြန်ရောက်၊ တခါတလေ ရေနစ်သေ နဲ့ မိမိတို့ ဘဝ ရှင်သန်ရေး အတွက် အသက်နဲ့ရင်းပြီး စွန့်စား နေရတဲ့ လူတွေ ဆိုတာ သိလာရတယ်။ ဒီလို ခိုးဝင်ပြီး နိုင်ငံတကာမှာ အခြေကျနေတဲ့ သူတွေလည်း အများကြီး ရှိနေပြီ ဆိုတာလည်း သိရတယ်။
                   လောလောဆယ် အထုပ်ပိုက်မိထားတဲ့ နိုင်ငံတွေကို ဒီလူတွေကို ဒုက္ခသည်အဖြစ် လက်ခံပေးပါလား ဆိုပြန်တော့၊ သူတို့က ဒုက္ခသည် အစစ်မဟုတ်ဘူး၊ ဘယ်သူမှ သူတို့ကို လိုက်သတ်နေတာ မဟုတ်ဘူး၊ စီးပွားရေး ပိုကောင်းမလားလို့ လာတဲ့ စီးပွားရေး ဒုက္ခသည်တွေဖြစ်လို့ လက်မခံနိုင်ပါဘူး ပြောကြတယ်။ သူတို့မှ မှတ်ပုံတင်တွေ၊ passport တွေ မရှိပြန်တော့ မြန်မာအစိုးရကလည်း အဲဒီ အထောက်အထားတွေ မပြနိုင်ရင် သူ့နိုင်ငံသား မဟုတ်ဘူး လို့ ငြင်းပြန်ရော (ထိုင်းကို တရားမဝင် အလုပ်ထွက်လုပ်နေတဲ့ မြန်မာနိုင်ငံသား စစ်စစ် အတော်များများမှာလည်း မရှိပါဘူး ) ၊ ဘင်္ဂလားကနေ မြန်မာပြည်ထဲ ခိုးဝင်လာပြီး အခု တခါ ပြန်ခိုးထွက်လာကြတာ လို့ ပြောပြန်တယ်၊ တခါ ဘင်္ဂလားကို မေးကြည့်တော့ သူတို့တွေ မြန်မာပြည်ထဲမှာ နေတာ နှစ်ရာနဲ့ ချီနေပြီ၊ သူတို့ နိုင်ငံသား ဖြစ်နေပြီ၊ အရင် ၂ ခါကလည်း သူတို့တွေ ဘင်္ဂလားကို ထွက်ပြေးလာပြီး နောက်တော့ မြန်မာပြည်က ပြန်လက်ခံတာပဲ၊ သူတို့ နိုင်ငံသား မိို့ုလို့ ပြန်လက်ခံခဲ့တာပေါ့လို့ ပြောတယ်။ အရင် ၂ ခါက ပြေးလာတဲ့အထဲက လူတချို့ မပြန်လို့ တင်ကျွေးထားရတောင် အတော်လွန်နေပြီ၊ အခု မရတော့ဘူး၊ လာမပို့နဲ့၊ လက်မခံတော့ဘူး ပြောတယ်။
                    လူ့အခွင့်အရေးဆိုင်ရာ၊ ဒုက္ခသည်ဆိုင်ရာ ဥပေဒတွေနဲ့ ပြောလည်း မရဘူး၊ ဒါနဲ့ မူလအကြောင်းရင်း ( root cause ) ကို ရှာတော့ မြန်မာပြည်က ပြေးလာတာ၊ မြန်မာပြည်သာ ကောင်းရင် ဘာမှပြေးစရာ အကြောင်းမရှိဘူး၊ မြန်မာပြည်ကို ပြန်လက်ခံဖို့ ဖိအားပေးရမယ်ဆိုပြီး ထွက်ပေါက်တွေ့ သွားတယ်။ အရင်ကလည်း ဒီလို ပြန်ပို့ရင် လက်ခံခဲ့တာပဲလေ။ မြန်မာစစ်အစိုးရကလည်း ရဲစာရင်းပေါက် လူမိုက်ကြီးဆိုတော့ ဖြစ်သမျှအကုန် လွှဲချလို့ အဆင်ပြေသွားတယ်။ ဒါနဲ့ ဒီလို ထုတ်ပြန်လိုက်တယ်။
                    ဘေးနိုင်ငံတွေ ရိုဟင်ဂျာတွေကို လက်မခံချင်ရင် မြန်မာအစိုးရကို ပြန်လက်ခံဖို့ ဖိအားပေးကြ၊ ခဏ ဖမ်းထားရင် သေချာထား၊ UNHCR ကို ဝင်စစ်ခွင့်ပြုကြ၊ မြန်မာပြည် မပြန်ရဲဘူးဆို နောက်လက်ခံမည့် နိုင်ငံ ပေါ်တဲ့အထိ ကျွေးထားကြ၊ အနောက်နိုင်ငံတွေ မြန်မာအစိုးရကို ဖိအားဝိုင်းပေးကြ၊ ရိုဟင်ဂျာတွေကို အကူအညီတွေ ပို့ကြ၊ မြန်မာပြည်ကတော့ ရိုဟင်ဂျာတွေကို ခွဲခြားဖိနှိပ်တာတွေ ချက်ချင်းရပ်၊ ပေးသင့်တဲ့ လူတွေကို နိုင်ငံသားလက်မှတ် နဲ့ နိုင်ငံသား အခွင့်အရေး အပြည့်အဝပေး၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေကို ဝင်ခွင့်ပြုလိုက်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ NGO တွေလည်း ရိုဟင်ဂျာ ရွာတွေကို အပြေးလေး ရောက်လာကြ၊ အနောက်တိုင်းက ပညာရှင်တွေကလည်း ရိုဟင်ဂျာ သမိုင်းတွေကို ဟောပြောကြ လုပ်ကြပါရော။
                    ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသား ပေးသင့်သလား ဆိုတဲ့ ကိစ္စမှာ အဓိက အသုံးပြုရမှာက မြန်မာအစိုးရ ၁၉၈၂ မှာ ထုတ်ထားတဲ့ မြန်မာနိုင်ငံသား ဥပဒေ နဲ့ UN က ထုတ်ထားတဲ့ Convention on the Reduction of Statelessness ( 1961 ) တို့ ဖြစ်လာတယ်။ မြန်မာနိုင်ငံသား ဖြစ်ဖို့ကို ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၊ ၁၉၄၈ မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေ ၊ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တွေကနေ တဖြည်းဖြည်း ကြပ်လာတာ ၁၉၈၂ ဥပဒေမှာ အကြပ်ဆုံး ဖြစ်လာတယ်။ ဒီဥပဒေမှာ နိုင်ငံသား လျှောက်ထားခွင့်ရှိလို့ လျှောက်ထားရင်တောင် ဗဟိုအဖွဲ့က ဆုံးဖြတ်တာ အတည်ပဲ၊ သူတို့ ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက် ပေးစရာ မလိုတာ၊ တခြား လွတ်လပ်တဲ့ အဖွဲ့တခု ဆီမှာ အယူခံခွင့် မရှိတာတွေဟာ နိုင်ငံတကာ စံတွေနဲ့ မညီဘူးလို့ Amnesty International က ထောက်ပြတယ် ( ဘယ်နိုင်ငံမှာ အဲဒီလို အယူခံ ဝင်လို့ရလဲ မသိပါ )။ နိုင်ငံတခုမှာ မွေးတဲ့ကလေးအတွက် အဲဒီနိုင်ငံသား အလိုလိုဖြစ်တာမျိုးကိုလည်း ဖြစ်သင့်တယ် ပြောပါတယ်။ ဥပဒေ ပညာရှင်တွေမှ ကောင်းကောင်း ပြောပြနိုင်မှာပါ။
                   ဒီဥပဒေမှာ အထူးခြားဆုံးကတော့ နိုင်ငံသားဖြစ်ခြင်းကို ခုနှစ် နဲ့ပါ ကန့်သတ်ထားတာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်တွင် ပါဝင်သော နယ်မြေတခုခု၌ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှ စ၍ ပင်ရင်း နိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ကယား၊ကရင်၊ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများ ဖြစ်သည်။ မည်သည့် မျိုးနွယ်စုသည် တိုင်းရင်းသား ဖြစ်သည် မဖြစ်သည်ကို နိုင်ငံတော်ကောင်စီက ဆုံးဖြတ် နိုင်သည် လို့ ဆိုထားပါတယ်။ နောက်အဆင့်တွေ အနေနဲ့ နိုင်ငံသား ပြုခွင့်ရသူ နဲ့ ဧည့်နိုင်ငံသား ဆိုပြီးလည်း ထားပါတယ်။ ဒီထဲမပါရင်တော့ နိုင်ငံခြားသား လို့ သတ်မှတ်ပါတယ်။ နိုင်ငံသား လျှောက်ပြန်တော့လည်း ဘယ်မှာမွေးသလဲ မွေးစာရင်း ပြရမယ်၊ ၁၉၄၈ မတိုင်ခင် တည်းက ပြည်တွင်းမှာ နေ နေကြောင်းပြရမယ် စသည်ဖြင့် ပါပါတယ်။ ပြနိုင်ရင်လည်း ကျချင်မှ ကျမယ်ပေါ့။ ဦးနေဝင်း ခေတ်မှာ ကြပ်သလောက် စစ်အစိုးရ လက်ထက် လုပ်ငန်းနားမလည်တဲ့ စစ်ဗိုလ်ကြီးတွေ ကိုင်မှပဲ ပိုက်ဆံပေးနိုင်သူတွေ၊ ဝိတ်နဲ့ ဖိနိုင်သူတွေ နိုင်ငံသား ရကုန်တယ်လို့ လဝက အရာရှိတစ်ဦး က ပြောတာ တွေ့ရပါသေးတယ်။
               ၁၈၂၄ မှာ ပထမ အင်္ဂလိပ် မြန်မာ စစ်ဖြစ်တယ်။ မြန်မာရှုံးပြီး ရခိုင်၊ တနင်္သာရီ၊ အာသံ နဲ့ မဏိပူရ ကို အင်္ဂလိပ်ကို ပေးလိုက်ရတယ်။ အိန္ဒိယ၊ ဘင်္ဂလား နဲ့ ရခိုင် ကို တဦးတည်း ပိုင်ထားတဲ့ အင်္ဂလိပ်က ရခိုင်ဒေသမှာ စပါးစိုက်ဖို့ ဘင်္ဂလားက ကုလားတွေကို သွင်းလာတယ်။ သခင် တယောက်တည်း အောက်မှာဆိုတော့ သူလုပ်တာ ပြန်ပြောလို့ မရဘူး။ မဆလ က အဲဒီကုလားတွေကို မြန်မာတိုင်းရင်းသားလို့ မသတ်မှတ်ချင်လို့ ၁၈၂၃ မတိုင်ခင်ကတည်းက အမြဲနေသူတွေကိုပဲ တိုင်းရင်းသား လို့ သတ်မှတ်တာ ဖြစ်မယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေက အင်္ဂလိပ်ခေတ်က ဝင်တဲ့ကုလားတွေက အကုန်ပြန်သွားပြီ၊ သူတို့ကတော့ ဒီနေရာမှာ နေလာတာ နှစ်ထောင်ချီနေပြီ။ ဒီနေရာကို ရခိုင်တွေ မရောက်ခင် နှစ် ၂၀၀ လောက်ကတည်းက နေနေတာလို့ ပြောလာတော့ အကုန်ရှုပ်ကုန်ရော။ မှန်သာမှန်ရင်၊ လက်ရှိရခိုင်ပြည်နယ်က ရိုဟင်ဂျာ တသန်း၊ နိုင်ငံတကာမှာရောက်ပြီး ကိုယ့်ကိုကိုယ် ရိုဟင်ဂျာလို့ ကြေငြာထားတဲ့ လူတွေပါ ပေါင်းလိုက်ရင် စုစုပေါင်းရိုဟင်ဂျာ သုံးသန်းဟာ လျှောက်လွှာတင်စရာမလိုပဲ အော်တို မြန်မာနိုင်ငံသား ဖြစ်သွားရမှာပေါ့။
                   ဒါနဲ့ အငြင်းအခုံတွေက ရခိုင် ဒေသ သမိုင်းကို ရောက်သွားပါရော။ သူကလည်း ရှုပ်မှရှုပ်။ ရှိပြီးသား မှတ်တမ်းတွေကတော့ အရင် ခရစ်ယန်၊ အစ္စလမ် သာသနာပြု ဘုန်းတော်ကြီးတွေ၊ ခရီးသွားရတာ စွန့်စားရတာ ဝါသနာကြီးတဲ့ ပေါ်တူဂီတွေ၊ နောက် အင်္ဂလိပ် ကိုလိုနီခေတ် အရာရှိကြီးတွေ၊ စာရေးဆရာကြီးတွေ ရဲ့ မှတ်တမ်းတွေ၊ အစ္စလမ်ဘာသာ သမိုင်း၊ အိန္ဒိယ၊ ဘင်္ဂလား၊ ရခိုင် က ရှေးရိုးရာ သမိုင်းတွေ၊ အခု ခေတ်မှ ရေးတဲ့ သမိုင်းတွေ အစုံပေါ့။
                    သမိုင်းအကြောင်း ပြောမယ်ဆိုရင် သမိုင်းဆိုတာ ကိုယ်တိုင်ကြုံရတဲ့သူက ရေးခဲ့တာ နည်းတယ်။ သူပြောတာ ရေးခဲ့တာ တွေကို နောက်လူ အဆင့်ဆင့်က ကိုယ်နားလည်သလို ချရေး၊ ကိုယ့်အာဘော်တွေ ထင်မြင်ချက်တွေ ထည့်၊ ကြားဖူးနားဝ တွေ ဆက်စပ်ပြီးထည့် နဲ့ ရမ်းတီးထားတာ များတယ်ဆိုတာ သိထားရမယ်။ ခေတ်ချင်းဝေးလေ အမှန်နဲ့လည်း ဝေးလေပဲ။ တကယ် ကိုယ်တွေ့ကြုံခဲ့တဲ့ လူတွေ၊ သူတို့ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အမှတ်အသားတွေနဲ့ နီးနိုင်သမျှ နီးအောင် ဆက်စပ်တာကတော့ သမိုင်းသုတေသန ပေါ့။ သူက တိကျပေမယ့် ကွက်ကျော်ကွက်ကြားနဲ့ သိပ်များများကြီး ပြောမပြနိုင်ဘူး။
                      နိုင်ငံနယ်နမိတ်ဆိုတာကလည်း ကိုလိုနီခေတ်ကျမှ ပေါ်လာတာ ဖြစ်တယ်။ အရင်က နယ်နမိတ်ဆိုတာ အရှင်။ ကိုယ်သွားသိမ်းလိုက်လို့ ရရင် ကိုယ့်နယ်ပဲ။ နယ်နမိတ် အသေ သတ်မှတ်လိုက်တာက ခုံဦးတမ်း ကစားတာနဲ့ တူတယ်။ ခုံငါးခုံကို လူခြောက်ယောက် ပတ်ပြီး သီချင်းဆိုတယ်၊ သီချင်းဆုံးရင် နီးရာခုံကို ဝင်ဦး၊ မရလိုက်တဲ့ တယောက်က မတ်တတ်ကြီး ကျန်ခဲ့တာပဲ။ အဲဒီလို နိုင်ငံမရလိုက်တဲ့ လူမျိုးတွေ အများကြီး ရှိတယ်။ နီးစပ်ရာ နိုင်ငံကြီးတခုထဲမှာ သွားပါနေတာပေါ့။ ရခိုင်ဆိုလည်း ၁၇၈၄ မှာ ဘိုးတော်ဘုရား က သိမ်းထားတုန်း အင်္ဂလိပ်က နယ်နမိတ် ဆွဲချလိုက်လို့ မြန်မာပြည်ထဲ ပါလာတာဖြစ်တယ်။ သူတို့ကို အင်္ဂလိပ်က အရင်သိမ်းရင် အခုလောက်ဆို ဘင်္ဂလားရဲ့ ပြည်နယ်တခုများ ဖြစ်နေမလား မပြောတတ်ပါ။ မွန်လည်း ထို့အတူပါပဲ။
                     ရှေးရိုးရာ သမိုင်းတွေကတော့ ဒဏ္ဍာရီတွေ ပါတာပေါ့ ။ ဘုရားကို ကြည်ညိုတော့ ရခိုင်ကို ဘုရားကြွလာတယ်၊ ရခိုင်တွေက အိန္ဒိယက သာကီဝင်တွေ ပြောင်းရွှေ့လာတာ ဘာညာပေါ့။ အဲဒါကို တွေ့တော့ ရိုဟင်ဂျာ RSO အဖွဲ့ခေါင်းဆောင်က ဝမ်းသာပြီး တွေ့လား၊ ရခိုင်လည်း ကုလားပဲ၊ ငါတို့မျိုးတူပဲလို့ ဆွဲစိတာလည်း ရှိပါတယ်။ နောက်ရခိုင်ဒေသမှာ အစောဆုံး နေတာက လူသားစား လူရိုင်းတွေ ( ယက္ခ၊ ရက္ခ ကနေ ရက္ခပူရ ၊ ရခိုင် )၊ အဲဒီ လူရိုင်းဘုရင်မ ကို ရခိုင် သူရဲကောင်းက ( ရိုဟင်ဂျာကြတော့ အာရပ်သူရဲကောင်းက ) ဆွဲစိလိုက်ပြီး အခြေချနေခဲ့တာ ဘာညာ ဆိုတာလည်း ရှိတယ်။ ( လူရိုင်းဘုရင်မ ဆိုတဲ့ အိုင်ဒီယာကို ယောကျာင်္းတွေ အတော်သဘောကျပုံ ရတယ် ၊ Avatar မှာလည်း သုံးပါတယ်၊ သီဟို၌က မဟာဝိဇယမင်းသား နဲ့ မယ်ကုဝဏ် ဇာတ်ကို ယူသုံးပုံ ရပါတယ်။ ) နောက်အစောဆုံး AD ၄၊၅ ရာစုမှာ အာရပ်တချို့ ရောက်ခဲ့တယ် ဆိုတာနဲ့ပဲ အဲဒီအာရပ်တွေ ရခိုင်မှာ အခြေချပြီး အဲဒီက ရိုဟင်ဂျာ ဆင်းသက်တယ်လုပ်ချတာလည်း ရှိတယ်။ အဓိက ကတော့ ရခိုင်တွေ မရောက်ခင်ကတည်းက ဒီဒေသမှာ မွတ်စလင်တွေ ရှိတယ်၊ ရိုဟင်ဂျာဆိုတာ အဲဒီ မွတ်ဆလင် မျိုးရိုးလို့ ပြောချင်တာပါ။ တကယ့်အထောက်အထားတွေ အရလည်း ရခိုင်ဒေသမှာ ခေတ်အဆက်ဆက်ကတည်းက ကုလားတွေ ရှိခဲ့တာပါ၊ ကုလားမှန်ရင် အစ္စလမ်ပဲ ၊ အဲဒါ ရိုဟင်ဂျာပဲ လိုတော့ ဆွဲယူလို့ မရပါဘူး။
                    ရခိုင်ကမ်းမြှောင်ဒေသ နဲ့ မြန်မာပြည်မကို ရခိုင်ရိုးမက ခြားထားတယ်၊ အခုခေတ်တောင် အလွယ်တကူ သွားလို့ မရဘူး၊ ရှေးကဆို ပိုဆိုးမယ်၊ ဒါပေမယ့် ဘင်္ဂလားဖက် နဲ့ ကျတော့ မြစ်တွေ ချောင်းတွေ ရှိပေမယ့် တဆက်စပ်တည်းပဲ၊ အဲဒီမှာ အရင်ဆုံး လူရိုင်းတွေ နေတယ် ( အခု ခေတ် သက်လူမျိုးတို့ ဘာတို့လား ထင်ကြတယ် )၊ နောက် ဟိန္ဒူ ဘွဲ့ခံတဲ့ ဘုရင်တွေ နေတယ်၊ မဟာယာန ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ အထောက်အထားတွေလည်း တွေ့တယ်၊ နောက် AD ၉ ရာစုမှာ (အခု မြန်မာပြည်ဘက်မှာ နေတဲ့) ပျူတွေကို (အခုယူနန် ဘက်က) နန်ချောင်တွေ ဝင်တိုက်တယ်၊ နန်ချောင် စစ်တပ်အောက်မှာ ရှေးဦးဗမာ စစ်တပ်တွေ ပါတယ်၊ နန်ချောင်တွေ ပြန်ထွက်သွားပေမယ့် ဗမာတွေ ဆက်နေခဲ့တယ်၊ ပျူတွေနဲ့ ပေါင်းစည်းပြီး အခု ဗမာတွေဖြစ်သွားတယ်၊ အဲဒီထဲက ရှေးဦးဗမာ အချို့က အရှိန်လွန်ပြီး ရခိုင်ရိုးမကို ကျော်ပြီး အခု ရခိုင်ပြည်ထဲ အထိ ရောက်သွားတယ်၊ နောက်တော့ ပြည်မ ဗမာတွေနဲ့ အဆက်ပြတ်ပြီး ရခိုင်လို့ သီးသန့်ဖြစ်သွားတယ်။ ( မြန်မာရှေးရိုးရာ သမိုင်းမှာတော့ ကံရာဇာကြီး၊ ကံရာဇာငယ်လို့ ပြတယ်။) အဲဒီ ရခိုင်မင်းဆက်တွေက ပြည်မဗမာတွေလိုပဲ ထေရဝါဒ ကို ကိုးကွယ်ကြတယ်။ ၁၂၀၀ လောက်မှာ တူရကီ၊ အာဖဂန် မြင်းတပ်တွေ ဝင်တိုက်ပြီး သိမ်းခံလိုက်ရတဲ့ ဘင်္ဂလားဟာ အစ္စလမ် ဒေသဖြစ်သွားတယ်။ ၁၄၀၄ မှာ အင်းဝ တပ်တွေ ရခိုင်ကို ဝင်တိုက်လို့ ရခိုင်ဘုရင် နရမိလှ ဘင်္ဂလားကို ထွက်ပြေးရတယ်၊ ၁၄၃၀ မှာ အာဖဂန်သား စစ်တပ်ကို ခေါ်လာပြီး ရခိုင် ကိုပြန်သိမ်းပြီး မြောက်ဦး မြို့တော် ကိုတည်ထောင်တယ်။ မြောက်ဦး ဟာ ဖွံ့ဖြိုးတိုးတက်လာတော့ လူမျိုးပေါင်းစုံ ကို လက်ခံထားတယ်။ ရခိုင်၊ ဘင်္ဂါလီ၊ အာဖဂန်၊ ဗမာ၊ ဒတ်ခ်ျ၊ ပေါ်တူဂီ၊ အဘီစီးနီးယန်း၊ ပါရှန်း လူမျိုးပေါင်းစုံ ရောက်နေကြတယ်။ ဂျပန် ဆာမူရိုင်းတွေကို ဘုရင့် bodyguard ခန့်ထားတယ်။ မြောက်ဦး နန်းတွင်းသားတွေမှာ နောင်ဂန္တဝင် ဘင်္ဂလား စာဆို တွေတောင် ရှိတယ်။ ဘုရင်တွေက ပါဠိဘာသာ၊ အစ္စလမ် နံမည် နဲ့ ဘွဲ့တွေ မှည့်ခေါ်ကြတယ်။ ပါရှန်းကုလားပုံ ဝတ်ပြီး ဗုဒ္ဓဘာသာ စေတီလည်း တည်တယ်။ ကာလီမာ ပါတဲ့ ဒင်္ဂါးတွေ ထုတ်တယ်။ ( ကာလီမာ ဆိုတာ သရဏဂုံလို အစ္စလမ်ဘာသာကို ကိုးကွယ်ကြောင်း ဆိုရတဲ့ စကား)၊ ဘင်္ဂလား စူလတန်တွေ အင်အားကောင်းချိန်မှာ ရခိုင် အောက်ကနေရပြီး စူလတန်တွေ ဂိန်တဲ့ အချိန်မှာ ဘင်္ဂလားကိုဝင်တိုက်တယ်။ ၁၅၇၈ မှာ ရခိုင်တွေ စစ်တကောင်းကို သိမ်းတယ်။ ရခိုင်တွေ ပေါ်တူဂီ ပင်လယ်ဓားပြတွေ ကြေးစားစစ်သားတွေနဲ့ ပေါင်းပြီး လူတွေဖမ်းပြီး ကိုလိုနီ စိုက်ခင်းတွေမှာ အလုပ်သမားကျွန် တွေ အဖြစ် ရောင်းစားတယ်။ ပဲခူးကိုတောင် ခဏ သွားသိမ်းလိုက်သေးတယ်။ ပြီးတော့ဘုရင့်နောင် မြေးကို စစ်တကောင်း နားက Chittagong Hill Tract ဒေသကို Boh Mong (ဗိုလ်မင်း ) အနေနဲ့ အုပ်ချုပ်ခိုင်းထားတာ အခုဆို Marma လူမျိုးဆိုပြီး လူနှစ်သိန်းလောက် ရှိနေပြီ။ မြောက်ဦးဟာ ဒက္ကာကနေ မုတ္တမ အထိ မိုင်တထောင်လောက်ကို ကြီးစိုးထားဘူးတယ်။
                      ၁၇ ရာစု အစမှာ မွန်ဂိုဘုရင်တွေက ဆင်းသက်တယ်ဆိုတဲ့ မဂိုတွေက အိန္ဒိယ ကိုသိမ်းတယ်။ နောက် မဂိုဘုရင် Sha Jahan နဲ့ မိန်းမ Mumtaj Mahal ( Taj mahal ) တို့ရဲ့ သား Sha Shuja မင်းသား က ဘင်္ဂလား နဲ့ သြရိသ ရဲ့ ဘုရင်ခံ ဖြစ်လာတယ်။ ၁၆၅၇ မှာ ဘုရင်ကြီး သေပြီး သားတွေ အာဏာလုကြတယ်။ စစ်ရှုံးတဲ့ မင်းသားက မြောက်ဦးမှာ ခန လာခိုလှုံတယ်။ မင်းသားရဲ့ သမီးကို ရခိုင်ဘုရင်က တောင်းတယ် ( သူတို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို တဂိုးက Dalia ဆိုတဲ့ ဝတ္ထုမှာ ရေးထားတယ် )။ မင်းသား က သူ့သမီးနဲ့ သဘောမတူလို့ မြောက်ဦးကို အာဏာသိမ်းဖို့ကြံတယ်။ ရခိုင်ဘုရင် သိသွားပြီး မိသားစုတခုလုံးကို သတ်ပစ်လိုက်တယ်။ သူသတ်မည့် သူ့ညီကို ဘာမဟုတ်တဲ့ ရခိုင်ဘုရင်က သတ်လိုက်တယ် ကြားတော့ မဂိုဘုရင် က မြောက်ဦးကို ၁၆၆၅ မှာ ဝင်တိုက်တယ်။ စစ်တကောင်းကို သိမ်းတယ်။ ရခိုင်တွေ နှစ်တရာလောက် ကြီးစိုးခဲ့တဲ့ အရှေ့ဘင်္ဂလားလည်း မဂိုတွေလက်အောက် ရောက်သွားတယ်။( မြောက်ဦးမှာ ကျန်နေသေးတဲ့ Sha Shuja ရဲ့ နောက်လိုက်တွေကို နောက်ပိုင်းရခိုင်ဘုရင်တွေက လေးသည်တော်တပ် အဖြစ်ဆက်သုံးတယ်။ နောက်ပိုင်းမှာ အိန္ဒိယက တပ်သားသစ်တွေ ထပ်လာပေါင်းတယ်။ သူတို့တွေက ရမ်းဗြဲကျွန်းမှာ အခြေကျပြီး အခု ကမန် လူမျိုးအဖြစ်နဲ့ တိုင်းရင်းသား တွေဖြစ်နေကြပြီ။ အစ္စလမ်ကိုးကွယ်ပြီး ရုပ်ကလည်း ပါရှန်း၊ အာဖဂန် ရုပ်ပဲ။)
                        နောက် ၁၇၈၄ မှာ ဗမာဘုရင် ဘိုးတော်ဘုရားက ရခိုင်ကို သိမ်းတယ်၊ မဟာမြတ်မုနိဘုရားကြီးကို ယူသွားတယ်၊ စစ်ရှုံးရခိုင်တွေကို အမရပူရက စီမံကိန်းတွေအတွက် အဓမ္မလုပ်အားပေးခိုင်းလွန်းလို့ ရခိုင်တွေ စစ်တကောင်းကို ထွက်ပြေးကြတယ်၊ ဒီအချိန်မှာ အိန္ဒိယ နဲ့ ဘင်္ဂလားက မဂို လက်ထဲကနေ အင်္ဂလိပ်အရှေ့အိန္ဒိယ ကုမ္ပဏီလက်အောက်ရောက်နေပြီ။ သူတို့ကို အရှေ့အိန္ဒိယကုမ္ပဏီ က ကာကွယ်ပေးထားတယ်၊ အဲဒီ အကာအကွယ်ယူပြီး ရခိုင်ဗိုလ် ချင်းပျံက ဗမာကိုပြန်တိုက်တယ်။ အင်္ဂလိပ်နယ်ချဲ့နဲ့ မြန်မာနယ်ချဲ့ တွေ့ကြတယ်။ မဏိပူရ၊ အာသံ၊ကချာ မှာအင်အားပြိုင်ရင်း ၁၈၂၄ မှာ စစ်ဖြစ်၊ ဗမာရှုံးပြီး အာသံ၊ မဏိပူရ၊ ရခိုင် နဲ့ တနင်္သာရီ အင်္ဂလိပ် လက်အောက်ရောက်သွားတယ်။ နောက် မြန်မာတပြည်လုံး အင်္ဂလိပ်အောက် ရောက်တယ်။ မွန်၊ရခိုင်၊ ဗမာ၊ ကုလားတွေအားလုံး ကလေးတွေ ရန်ဖြစ်ကောင်းတုန်း ကျောင်းတက်ခေါင်းလောင်းထိုးလိုက်သလို ဖြစ်ကုန်တယ်။
                 အင်္ဂလိပ် ရခိုင်သိမ်းခါစက ရခိုင်တွေ စစ်တကောင်းကို ရောက်နေတယ်။ ရခိုင်က လယ်တွေလုပ်ဖို့ ဘင်္ဂလားကုလားတွေကို သွင်းလာတယ်။ ဘင်္ဂလား ကနေ ရခိုင်ကို သင်္ဘော တွေနဲ့ လူပို့တယ်။ ၁၈၆၉ မှာ စူးအက်တူးမြောင်ဖွင့်ပြီး ဆန်ကို export စပို့တယ်။ ရခိုင်တွေ ဖြည်းဖြည်းချင်း ပြန်ဝင်လာတော့ နကိုယ်လုပ်တဲ့လယ် ကုလားဦးသွားလို့ ပြန်မရတော့တာလည်း ရှိတယ်။ အိန္ဒိယကုလားတွေလည်း ရန်ကုန်မှာ အပြည့်ဖြစ်လာတယ်။ ရခိုင်က ဘင်္ဂါလီကုလားတွေကို ဗလီဆရာ နဲ့ ဗလီဂေါပကတွေ အများစုပါတဲ့ အဖွဲ့တွေက အုပ်ချုပ်တယ်။ ကုလားတွေ သိပ်များလာလို့ လူမျိုးရေး ပြသနာဖြစ်နိုင်တယ်ဆိုပြီး ၁၉၄၁ မှာ လူဝင်မှုကြီးကြပ်ရေး အဖွဲ့ စဖွဲ့ခါစမှာပဲ ဂျပန်ဝင်လာတယ်။ အင်္ဂလိပ်အပြေး ဂျပန်အဝင်မှာ ရခိုင် နဲ့ ကုလား လူမျိုးရေး အဓိကရုဏ်းတွေ စဖြစ်တယ်။ နောက်ပိုင်း ဘင်္ဂါလီတွေက မြောက်ပိုင်း၊ ရခိုင်တွေက တောင်ပိုင်းမှာ သွားစုနေကြတယ်။ နောက် အိန္ဒိယကို လွတ်လပ်ရေးပေးရင် ဟိန္ဒူ အိန္ဒိယ နဲ့ မွတ်စလင်ပါကစ္စတန် လို့ခွဲမယ်ကြားတော့ ရခိုင်ပြည်က မွတ်စလင်အဖွဲ့က ဘူးသီးတောင်၊ မောင်းတော နဲ့ ရသေ့တောင် ကို ပါကစ္စတန်ထဲ ထည့်ပေးဖို့ အင်္ဂလိပ်ကို ပြောတယ်၊ ၁၉၄၆ မှာ ကရာချိ သွားပြီး ဒေါက်တာဂျင်းနားကိုလည်း ပြောတယ်။ သူတို့က လုပ်မပေးတော့ မူဂျာဟစ် ( Jihad သူရဲကောင်း ) နံမည်နဲ့ လက်နက်ကိုင်အဖွဲ့ကို စဖွဲ့တယ်။
                 မြန်မာပြည်မှာလည်း လွတ်လပ်ရေး ရမယ်ဆိုတာနဲ့ အချင်းချင်း ကွဲပြဲကြ သတ်ကြပုတ်ကြ ဖြစ်လာတယ်။တခြားတိုင်းရင်းသားတွေ ပြည်နယ်တောင်းတော့ မူဂျာဟစ် ကလည်း ၁၉၄၈ မှာ မွတ်စလင် ပြည်နယ်တောင်းတယ်၊ အူရဒူ ကို ရခိုင်မွတ်စလင် ( သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ မခေါ်သေး) တွေရဲ့ အမျိုးသားဘာသာစကားအဖြစ် သတ်မှတ်ပြီး ဒီစကားနဲ့ အစ္စလမ်ဘာသာသင်ကျောင်းတွေ အလယ်တန်းကျောင်းတွေမှာ သင်ခွင့်ပေးဖို့၊ အစိုးရထဲမှာ မူစလင်ရေးရာ ဝန်ကြီးထားဖို့၊ လွှတ်တော်မှာ အမတ်နေရာရဖို့၊ ရခိုင်ဒေသ အုပ်ချုပ်ရေး၊ရဲ၊စစ်တပ်တွေမှာ မူစလင်တဝက်ပါဖို့ တွေ တောင်းပါတယ်။ ၁၉၅၁ မှာ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို စတင်အသုံးပြုလာတယ်။ ၁၉၅၃ စစ်တွေ၊ဘူးသီးတောင်၊ မောင်းတောကို ပထမဆုံး သန်းခေါင်စာရင်း စ ကောက်တဲ့အခါ စာရင်းကောက်တဲ့ ဝန်ထမ်းတစ်ယောက်ကို ကုလား နှစ်ယောက် ကနေ လေးယောက်လောက်အထိ မွတ်စလင်အသင်းက ဇွတ်ထည့်လိုက်ပြီး စာရင်းပေးတဲ့ ကုလားတွေ အားလုံးကို ရိုဟင်ဂျာလို့ အတင်းဖိအားပေး စာရင်းသွင်းခိုင်းတာတွေရှိခဲ့တယ်။
                 ၁၉၆၀ မှာ ရခိုင်ပါတီတွေရဲ့မဲကို ညှိဖို့ ဦးနု က ရိုဟင်ဂျာတွေရဲ့ မဲတွေရအောင် ကြိုးစားတယ်၊ ၁၉၆၁ မှာ ဗိုလ်အောင်ကြီးက မူဂျာဟစ်တွေ လက်နက်ချအောင် လာညှိတယ်။ ပါကစ္စတန် ကို သံယောဇဉ်ဖြတ်ပြီး မြန်မာပြည်အပေါ် သစ္စာရှိရင် ပြည်ထောင်စုထဲက လူနည်းစု လူမျိုးစု တခု အဖြစ် သဘောထားပါမယ် လို့ ပြောတယ်။ ရိုဟင်ဂျာတွေ အမတ်နေရာတွေရတယ်၊ ဝန်ကြီးတယောက်တောင် ဖြစ်တယ်၊ မြန်မာ့အသံက တိုင်းရင်းသား အစီအစဉ်မှာ လွှင့်ခွင့်ရတယ်၊ ပြည်ထောင်စုနေ့ တိုင်းရင်သား ယဉ်ကျေးမှုပြပွဲမှာ ပါခွင့်ရတယ်၊ ရန်ကုန်တက္ကသိုလ်မှာ ရိုဟင်ဂျာ ကျောင်းသားအသင်း ဖွဲ့ခွင့်ရတယ်။
                   ၁၉၆၂ မှာ ဦးနေဝင်း အာဏာ သိမ်းတယ်။ ပြည်သူပိုင်သိမ်းတယ်၊ တရုပ်ကုလား နဲ့ တခြားနိုင်ငံခြားသားတွေကို အတင်းပြန်ခိုင်းတယ်။ ၁၉၇၄ ဖွဲ့စည်းပုံဆွဲတော့ မွတ်စလင် ပြည်နယ် တောင်းကြပြန်တယ်၊ ဘယ်ရလိမ့်မလဲ။ နောက် တရားမဝင် နေနေတဲ့ နိုင်ငံခြားသား တွေကိုလိုက်စစ်တဲ့ စစ်ဆင်ရေးတွေလုပ်တော့ သူတို့ ဘင်္ဂလားထဲ ဝင်ပြေးကြတယ်၊ နောက် ဘင်္ဂလားအစိုးရ နဲ့ မြန်မာအစိုးရ ၊ UNHCR တို့ ညှိပြီး ထွက်ပြေးသွားတဲ့သူတွေကို ပြန်လက်ခံခဲ့ကြတယ်၊ ရန်ကုန်တက္ကသိုလ်က ဘွဲ့ရသွားတဲ့ ရိုဟင်ဂျာတွေ ပညာတတ်လူငယ်တွေ တောခိုပြီး နိုင်ငံခြားတွေမှာ ရိုဟင်ဂျာ အခွင့်အရေး အဖွဲ့တွေ ဖွဲ့တယ်၊ မဟုတ်က ဟုတ်က သမိုင်းတွေ လုပ်ကြံပြီး လျှောက်ရေးကြတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေက အမျိုးသားလူ့အခွင့်အရေး ပါတီဆိုပြီး ရွေးကောက်ပွဲ ဝင်တယ်၊ မဲနိုင်တဲ့ အမတ်တွေ နောက်တော့ ထောင်ချ ခံရတယ်။
                   ဒီသမိုင်းကို ပြန်ကြည့်ရင် ရခိုင်ဒေသမှာ ကုလားတွေ နေနေတာ ရှေးကတည်းကပဲ၊ တွေ့တဲ့ကုလား တယောက်ကို ကြည့်ရုံနဲ့ သူမြန်မာပြည်မှာ နေနေတာ နှစ် ၂ ထောင်ရှိပြီလား၊ တနှစ်ပဲ ရှိသေးလား ဘယ်လိုလုပ် သိမလဲ။ ဒါပေမယ့် ရိုဟင်ဂျာလို့ ပြောတဲ့လူတိုင်း၊ ၃ သန်းစလုံးဟာ အရင်နှစ်၂ ထောင်ကတည်းက ဒီမှာ နေလာတာဆိုပြီး လက်ခံပေးပါလို့ ပြောရင်တော့ ရာဇာနေဝင်း ပြောသလို “No ပါ” လို့ပဲ ပြောရမယ်။ ဒေါက်တာ အေးချမ်း အဆိုအရတော့ ရခိုင်မှာ မွတ်စလင် ၄ စုပဲ ရှိတယ်။ မေယုဒေသ က စစ်တကောင်း ဘင်္ဂါလီ၊ မြောက်ဦး နဲ့ ကျောက်တော်မှာ နေတဲ့ မြောက်ဦးခေတ်ကတည်းက မွတ်စလင်၊ ရမ်းဗြဲက ကမန် မွတ်စလင် နဲ့ ပြည်မ မြေဒူးကနေ ၁၇၈၄ ဗမာ ကျူးကျော်စစ်နဲ့ ပါလာပြီး အခု သံတွဲမှာ နေတဲ့ မွတ်စလင် တွေ ဖြစ်တယ်။ ရိုဟင်ဂျာ အမည်ခံ စစ်တကောင်းဘင်္ဂါလီ တွေက လွဲရင် ကျန်တဲ့ ၃ စုက အင်္ဂလိပ် ခေတ်မတိုင်မီ ကတည်း က နေလာတဲ့သူတွေလို့ ဆရာ ပြောချင်တာ ထင်ပါတယ်။
                    ရိုဟင်ဂျာတွေ ရေးတဲ့ သမိုင်းတွေကို ကြည့်မယ်ဆိုရင် အဓိက ရည်ရွယ်ချက်က အရင်ကတည်းက ဒီဒေသမှာ ကုလားတွေနေတယ်၊ အဲဒီကုလားတွေဟာ ကမ္ဘာမှာ အစ္စလမ်စပေါ်တည်းက မွတ်စလင်ဖြစ်နေပြီ၊ ရခိုင်မှာ ဘာဖြစ်ခဲ့ဖြစ်ခဲ့ အဲဒီတုန်းက မွတ်စလင် တဝက်ပါတယ် ပြော၊ အဲဒီ ရှေးဟောင်း မွတ်စလင် ဆိုတာ ရိုဟင်ဂျာတွေ၊ အဲဒါငါအဖိုးပေါ့ ဆိုတာမျိုး ဖြစ်တယ်။ ဒေါက်တာ ဆိတ်ဖွားပြောတဲ့ မုန့်ဟင်းခါး ဟင်းရည် ကို အဆစ် တောင်းတာ ငါ့ဘကြီး စခဲ့တာ ဆိုတာမျိုးပဲ။
                     အဲဒီ လမ်းကြောင်းဝင်အောင် ရခိုင်ဒေသဟာ မွတ်စလင် လွှမ်းမိုးမှု အောက်မှာ အမြဲရှိခဲ့တယ် ဆိုတာမျိုးတွေကို ပြတယ်။ ရခိုင်ဘုရင်တွေ မွတ်စလင်ဘွဲ့ ခံတာ၊ ကလီမာ ဒင်္ဂါး သုံးတာပြတယ်။ ရခိုင်ဘက်က ပြန်ပြီး ဘင်္ဂလား ၁၂ နယ်ကို ရခိုင်တွေပိုင်တာ၊ လက်အောက်ခံ မွတ်စလင်တွေ ကြိုက်အောင် မွတ်စလင်ဘွဲ့ခံတာ၊ ဒင်္ဂါးတွေက ရခိုင်ဘုရင် လုပ်တာမဟုတ်ဘူး၊ ရခိုင်ဘုရင်က ဘင်္ဂလားနယ်တွေကို အုပ်ချုပ်ခိုင်းထားတဲ့ နယ်စားတွေ လုပ်တာလို့ ပြန်ပြောတယ်။ Leider က ရခိုင်သမိုင်းနဲ့ ပတ်သတ်ပြီး လေ့လာထားတာ နည်းလွန်းတယ်၊ ရှေးဟောင်းပစ္စည်းတွေကို စံနစ်တကျ လေ့လာတာလည်း နည်းလွန်းသေးတယ် ပြောတယ်။ ဒင်္ဂါးနည်းနည်းနဲ့ ဘာမှ ပြောလို့မရဘူး။ ရခိုင်ဘုရင်တွေရဲ့ မွတ်စလင်ဘွဲ့တွေကို ကုလားတွေကို ဖတ်ခိုင်းတော့ ၂ ခု၊ ၃ခုပဲ အဓိပ္ပါယ် ရှိတယ်၊ ကျန်တာ ဘာတွေမှန်း မသိဘူး ပြောတယ်။ ( ဘုရားကြည်ညိုတာနဲ့ ရှေ့နောက် နှစ်ကျိပ်ရှစ်ဆူ လျှောက်ဖြည့်တာမျိုးလဲ ဖြစ်နိုင်တယ်။) သမိုင်းဆရာမဟုတ်တဲ့ စာရေးဆရာတွေ ရေးတဲ့ စာအုပ်တွေထဲက သမိုင်းတွေကလည်း ဘယ်သူ့က စလိုက်တာကို ဘယ်သူက ကူးရင်း ဘယ်လိုချဲ့ကုန်တယ်ဆိုတာ တဆင့်ဆီ လိုက်ပြထားတယ်။
                      ရိုဟင်ဂျာ သမိုင်းရေးနည်း နောက်တခုကတော့ နံမည်ကြီးတွေ လျှောက်ရွတ်ပြတာမျိုးဖြစ်တယ်၊ ရခိုင်သမိုင်းရေးမိတဲ့ Martin Smith, Pamela Gutman, Jacques Leider, Phayre စတဲ့ နံမည်တွေကို လျှောက်ပြောတာမျိုးဖြစ်တယ်။
                      History of Burma မှာ Phayre က စစ်တကောင်းဟာ Ruon ဘုရင်လက်အောက်ကျဘူးတယ်လို့ Fitch က ပြောဘူးတယ် ( ဘယ်မှတ်တမ်းမှာပြောထားတာလို့ အတိအကျမပြောပါ ) ဆိုပြီး ရေးတာကို ရိုဟင်ဂျာတွေက ကိုးကားတယ်။ အဲဒါ Alber Fytche ဖြစ်မယ်ဆိုလို့ Fytche ရဲ့ Burma, Past and Present မှာ ရှာတော့ ဘာ Ruon မှလည်း မတွေ့ဘူး။ လမ်းစ ပျောက်သွားတယ်။ Martin Smith ဘာပြောသလဲ ကြည့်တော့ ရိုဟင်ဂျာသမိုင်း အငြင်းပွားနေတာ နည်းနည်းတော့ သိတယ်၊ သေချာတော့ မပြောတတ်ဘူး (This whole subject, it should be stressed, is still unresolved and any comments or further discussion are welcomed ) ပဲ ပြောထားတယ်။ စံနစ်အကျဆုံး ရခိုင်သမိုင်းဆရာ ဆိုတဲ့ Leider ပြောမှ ပိုဆိုး၊ ရိုဟင်ဂျာ စိတ်မဝင်စားဘူး၊ လက်ရှိ ရိုဟင်ဂျာ ပြသနာဟာ ကိုလိုနီခေတ် နဲ့ပဲ ဆိုင်တယ်၊ ရှေးဟောင်းသမိုင်းနဲ့ ဘာမှ မပတ်သတ်ဘူး ၊ ဒုက္ခသည် အကြောင်းပြုပြီး လက်တမ်းလျှောက်ရေးထားတဲ့ သမိုင်းတွေကလည်း သောက်တလွဲတွေပါ လို့ ပြောတယ်။ (I am not concerned with the question of the so-called Rohingyas and the very contemporary problems of refugees on the Bangladesh-Myanmar border. It can be confidently assumed that the contemporary problems are linked to the colonial period for more than to Arakan’s past history. On the other side, I cannot hide the fact that articles written on the refugee question by western amateurs contain a painful lot of historical errors). နောက် ဒေါက်တာ သန်းထွန်းက သမိုင်းမှာ ရိုဟင်ဂျာ ရှိကြောင်း ထောက်ခံထားတယ် ပြောပြန်လို့ လိုက်ကြည့်တော့ သူက ချင်းသမိုင်း ရေးရင်းနဲ့ ကျောက်စာတခုမှာ “သက် မြုန် ချင်း ကို အစိုးရသော ပန်းသေးမင်းတို့၏ အမျိုးအနွယ်ဖြစ်သော ရခိုင်မင်း” ဆိုတာမှာ မွတ်စလင် ( ပန်းသေး ) မင်းဆိုတာ ဘယ်သူများ ဖြစ်လေမလဲလို့ တွေးထားတာပါ။ ၁၂ ရာစုမှာ တူရကီ က သိမ်းလိုက်တော့ ဘင်္ဂလား က မွတ်စလင် ဖြစ်သွားတယ်။ ကျောက်စာက အဲဒီ ရှေးခေတ် မွတ်စလင်တွေကို ပြောတာလား၊ ရိုဟင်ဂျာတွေက အဲဒီမှာ နေတာ နှစ်တထောင်ရှိပြီ ပြောထားတော့ သူတို့များလား လို့ ဆရာကြီး စဉ်းစားကြည့်တာပါ။ ရိုဟင်ဂျာ ဆိုတာကို ကျောက်စာထဲမှာ သွားတွေ့တာ မဟုတ်ပါဘူး။ အဲဒီ ကျောက်စာကလည်း သူ့ရှေ့ခေတ်က ပုဂံခေတ်အကြောင်း ရေးထားတာဆိုတော့ မှန်ချင်မှ မှန်လိမ့်မယ်လို့လည်း သူက ပြောပါတယ်။ ဆရာကြီး ကို ရိုဟင်ဂျာတွေက တခါတည်း ပညာရှိစာရင်းသွင်းပြီး ရခိုင်တွေက ဆူပါတော့တယ်။ ရခိုင်တွေက ဆရာကြီး ကိုယ်တိုင် လာပြီး ကွင်းဆင်းကြည့်ဖို့ ဖိတ်ပါတယ်၊ ဆရာကြီး အဲဒီကိစ္စ ဘာဆက်ပြောလဲ မသိပါ။
                    ရိုဟင်ဂျာ သမိုင်းရေးနည်း နောက်တခုကတော့ နံမည်ကျော် ရှေးခေတ် ခရီးသွားမှတ်တမ်း တခုခုကို အတည်ပေါက်နဲ့ ဆွဲထည့်တာဖြစ်ပါတယ်။ ဘယ် edition,print, ဘယ် စာမျက်နှာ မပါပဲ ပေါ်တင်လုပ်တာ ဖြစ်ပါတယ်။ နောက်တခုကတော့ အူရဒူ၊ အာရဗီ စာအုပ်တွေကို ဆွဲထည့်တာပါ။ ကိုယ်တို့ ဗမာတွေကလည်း လေ့လာအားကောင်းတော့ မဖတ်တတ်ပါဘူး။ နောက်တခုကတော့ ရှေးစာအုပ်ထဲကဟာတွေကို မစဉ်းမစားကူးထည့် ထားတဲ့ မြန်မာစာအုပ်တွေကို သက်သေထဲ ထည့်တာပါ။ ဒါတွေကတော့ လျှော်လိုက်ပါမယ်။ ဟိုနားဒီနား တွေ့တာလေးတွေ ဆက်ပြောပါမယ်။
                    ၁၈၆၆ မှာ Asiatic Society of Bengal က ကာလကတ္ထားမှာ မနုသဗေဒ ကွန်ဂရက်ကြီး တခုလုပ်ဖို့ စီစဉ်ပါတယ်။ အိန္ဒိယတခုလုံးက တောကြိုအုံကြားတွေက တိုင်းရင်းသားတွေကို နမူနာ တစုံနှစ်စုံစီ ကာလကတ္တားကို ခေါ်လာပြီး ပညာရှင်တွေ လေ့လာ မှတ်တမ်းတင် ဖို့ပြင်ပါတယ်။ နောက်တော့ တောထဲကလူတွေ ခေါ်လာပြီး ဖျားနာသေကုန်ရင် ကွိုင်တက်နေမယ်။ ကိုယ်ဆိုင်ရာ နယ်အသီးသီးက တိုင်းရင်းသားတွေ အကြောင်းတွေကို ပြုစုပြီး ဗဟိုအစိုးရဆီကို ပို့ရမယ် ဆိုပြီး ပြောင်းလိုက်တယ်။ Nagpur ရဲ့ ကော်မရှင်နာမင်းကြီး E.T.Dalton ပြုစုတဲ့ Descriptive Ethonology of Bengal ကို ၁၈၇၂ မှာ ပုံနှိပ်ပါတယ်။ ဘင်္ဂလားက တိုင်းရင်းသား တခုချင်းစီရဲ့ နေထိုင်ပုံ၊ ဝတ်စားပုံ၊ ယုံကြည်ကိုးကွယ်မှု အစ အသုဘဓလေ့ မကျန် အကုန်ပါ ပါတယ်။ ရခိုင်၊လူရှိုင်း၊ ကရင်၊ ကူမီး တွေတောင်ပါပါတယ်။ ရိုဟင်ဂျာ မပါပါ။ Koch ( အာသံကုလား၊ မြန်မာအခေါ် ခေါ်တော ) စသည်ဖြင့်တော့ ကုလားမျိုးစုံ ပါပါတယ်။ အဲဒီမျိုးစုံအောက်မှာ ရိုဟင်ဂျာ ဆိုတဲ့ နံမည်နဲ့ မဟုတ်ပဲ တခြားနံမည်တွေနဲ့ ပါနေမှာပဲ လို့တော့ ထင်တယ်။
              ဘင်္ဂလားစွယ်စုံကျမ်း ( Banglapedia ) မှာတော့ လက်ရှိ ရခိုင်ဒေသ မှာ၊ Roayingya, Jamboyika, Kamanchi, Zerbadi နဲ့ Dinnet ဆိုပြီး မွတ်စလင် ၅ စု ရှိတယ်။ ရိုဟင်ဂျာတွေဆိုတာ စစ်တကောင်း ကနေ ပြောင်းသွားပြီး ရခိုင်မတွေနဲ့ အိမ်ထောင်ကျသွားတဲ့သူတွေ လို့ မှန်းဆရတယ် ဆိုပြီး ဖေးဖေးမမ ရေးထားတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ ဘင်္ဂလားနိုင်ငံ သမိုင်းတွေကတော့ ပေါပါ့ ( ဥပမာ The Rise of Islam and Bengal Frontier, 1204-1760 ) ။ ဘယ်မှာရှာရှာ ရိုဟင်ဂျာ မတွေ့ဘူး။
              အခု လူသုံးသန်းရှိနေပြီဆိုတဲ့ ရိုဟင်ဂျာရဲ့ နှစ်တထောင်သမိုင်းကလဲ အင်္ဂလိပ်ခေတ်အထိ ကို တမျက်နှာပြည့်အောင် မတွေ့ရတော့ စိတ်ပျက်ရတယ်။ သမိုင်းကိုလှန်လှောပြီး ရိုဟင်ဂျာ ရှာရင် မတွေ့ရပဲ ရိုအင်ဂျာတွေ၊ ရိုဟင်ညာ တွေပဲ တွေ့နေရတယ်။ ထင်ရာမြင်ရာ စွတ်ပြောရရင် ကိုလိုနီ ခေတ် ဘင်္ဂလား ဧည့်သည်များဟာ ရခိုင်ဒေသရဲ့ မူရင်း မွတ်စလင်တွေ နောက်မှာ အရိပ်ခို နေတယ်လို့ ထင်ပါတယ်၊ နယ်စပ်ဒေသ အများအပြားမှာ အမှန်တကယ် နိုင်ငံမဲ့နေတဲ့ ( ဥပမာ chakma ) တိုင်းရင်းသားတွေရဲ့ ဇာတ်လမ်းမျိုးကို ယူသုံးပြီး မိမိတို့ ဘဝ ရှင်သန်ရေးအတွက် မာယာများနေရတဲ့ သူတွေလို့ ထင်ပါတယ်။ရခိုင်တွေ ရခိုင်ပြည်နယ် တောင်းတဲ့အချိန်မှာ သူတို့က ရခိုင်မွတ်စလင်တွေပါလို့ ပြောနေရင် ရခိုင်တွေနဲ့ တပြည်နယ်တည်း ရနေမှာစိုးလို့ သီးသန့်ပြည်နယ်ရအောင် ရိုဟင်ဂျာဇတ်လမ်းကို ထွင်လိုက်တာပဲလို့ ထင်ပါတယ်။  လူတိုင်းလိမ်နေတာတော့လဲ မဟုတ်ဘူး ထင်တယ်၊ ရခိုင်က ကုလားတွေ ထဲမှာပဲ ရိုဟင်ဂျာ နံမည် မသုံးပဲ မွတ်စလင် အခွင့်အရေး သီးသန့် တိုက်ပွဲဝင်နေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ တချို့ ကုလားတွေကို မင်းတို့ ဘာလူမျိုးလဲ မေးရင် ဘင်္ဂါလီ လို့ပဲ ဖြေတဲ့ လူတွေလည်း ရှိတယ်၊ လည်တဲ့လူပဲ ရိုဟင်ဂျာလို့ ဖြေတယ်လို့ ရခိုင် သူငယ်ချင်းတယောက်က ပြောပြတယ်။
                   အိန္ဒိယနိုင်ငံသား သူငယ်ချင်း တယောက်က ငါတို့ ငယ်ငယ်တုန်းကဆိုရင် ရုပ်ရှင်ထဲမှာ မင်းသားက ဆင်းရဲနေရင် မင်းသမီးမိဘ က သဘောမတူဘူး၊ နောက် မင်းသားက ရန်ကုန်မှာ သွားအလုပ်လုပ်ပြီး ပြန်လာတော့ သူဌေး ဖြစ်လာတာမျိုး အမြဲတမ်း ပါတယ် လို့ ပြောပြတယ်။ အခုလည်း သခင်မျိုးရွှေတွေ နိုင်ငံခြားအလုပ် လုပ်ချင်လွန်းလို့ စာရွက်စာတမ်း အတု အမျိုးမျိုးနဲ့ အပေါ်လမ်း အောက်လမ်း ရရာ တိုးဝှေ့ပြီး ဝင်နေရတာပဲလေ။ US သွားချင်လို့ ထိုင်းမှာ ဒုက္ခသည်ဟန် သွားဆောင်နေတဲ့ လူတွေတောင် ရှိတယ်။ သူတို့လည်း တို့မြန်မာ ရွှေခေတ်က တိုးဝင်လာတဲ့လူတွေ ဖြစ်နိုင်တာပဲ။ အစောဆုံး ၁၈၂၄ က စဝင်လာတဲ့ လူဆိုရင်တောင် အခုဆို ၁၈၈ နှစ် ရှိပါပြီ။ ဘိုးစဉ်ဘောင်ဆက်နေလာရင် generation ၅ ခု အထက်ရှိပါပြီ။
             အခု မြန်မာပြည်ခွေးဖြစ်နေတော့ သူတို့လည်း နိုင်ငံခြား အလုပ်ရှာကြတာပဲ၊ မှတ်ပုံတင်၊ passport ဘာ အထောက်အထားမှ မရှိပဲ စွန့်စားပြီးရှာရင်းက ဒုက္ခသည်ဆိုပြီး ခေတ်စားလာတယ် ထင်ပါတယ်။ ခိုးဝင်တဲ့ လှေတွေနဲ့ ဖမ်းမိတဲ့လူတွေ၊ လက်ရှိဆော်ဒီ တို့မှာ မြန်မာရိုဟင်ဂျာ ဒုက္ခသည်ပါဆိုပြီး နေနေတဲ့ လူတွေရဲ့ တချို့တဝက်က အခုမှ ဘင်္ဂလားက ထွက်လာပြီး နိုင်ငံခြားအလုပ်ရှာတဲ့လူတွေဆိုတာ Haj သွားရင်း သိခဲ့ရတယ် လို့ မန္တလေးက မွတ်စလင် ဦးလေးကြီး တယောက် ရေးတာလည်း ဖတ်ရတယ်။ ဒီလူတွေကို ဆော်ဒီက မြန်မာပြည် ပြန်မလား မေးရင်တော့ မပြန်ရဲဘူး၊ သိပ်နှိပ်စက်တာပဲတွေ ဘာတွေ လုပ်မှာပဲ။ သူများနိုင်ငံတွေကို လှေနဲ့ခိုးဝင်ပြီး ရေနစ်သေတဲ့ ရိုဟင်ဂျာနဲ့ ထိုင်းကို အလုံပိတ်ကားထဲက ခိုးဝင်ရင်း အသက်ရှုကြပ်ပြီး မွန်းသေတဲ့ ဗမာတွေ၊မွန်တွေနဲ့ အဖြစ်ဆိုးပုံချင်း အတူတူပါပဲ။ ဒါတွေကို လူမျိုးရေးပြဿနာ လို့ မမြင်ပဲ ဆင်းရဲမွဲတေမှုပြဿနာ၊ အလုပ်လက်မဲ့ပြဿနာတွေ လို့သာ မြင်သင့်ပါတယ်။
            သမိုင်းကြောင်းတွေ ပေါ်လာတော့ကော ဘာလုပ်မှာလဲ၊ သမိုင်းကို နောက်ပြန်သွားမလို့လား၊ red indian တွေက အမေရိကန်တွေကို ဥရောပ ပြန်ခိုင်းလို့ ရပါတော့မလား။ ဒီ ဘင်္ဂါလီ အကုန်လုံးကို ဘင်္ဂလား အတင်းပြန်ပို့ လို့ရမလား၊ Bengladesh အစိုးရက လက်မခံရင် ရေထဲ အကုန်မောင်းချမလား၊ အင်္ဂလိပ်နယ်ချဲ့ တရားခံ ဆိုပြီး အင်္ဂလိပ် ကို ပြန်ရှင်းခိုင်းမလား။ တချို့က အဲဒီလို နောက်ပြန်သွားမလို့ စဉ်းစားတုန်းပဲ၊ တချို့ ရခိုင်တွေက ဗမာတွေကို ပြန်မောင်းထုတ်၊ ဘင်္ဂလား ၁၂ ခရိုင်ကို Bengladesh ဆီက ပြန်တိုက်ယူပြီး ရခိုင်နိုင်ငံတော် ပြန်ထောင်မယ် ပြောနေတာလဲ ရှိတယ်။ မွန်တွေက ဦးအောင်ဇေယျ မွန်ပြည်နယ် ကို သိမ်းတဲ့နေ့မှာ ( ဝမ်းနည်းတဲ့ သဘောလား၊ ရိုးရာလား မသိပါ ) အနက်တွေ ဝတ်ပြီး ကြေကွဲတမ်းတ တာလဲရှိတယ်။ မြန်မာ့သမိုင်းမှာ အနော်ရထာ၊ ဘုရင့်နောင် နဲ့ အလောင်းဘုရား ခေတ်မှာပဲ အခုလက်ရှိ နိုင်ငံအရွယ် တစုတစည်းတည်း ရှိဘူးတယ်။ ကျန်တဲ့ အချိန်တွေမှာ တိုင်းပြည်သေးသေးလေးတွေ တခု နဲ့ တခု ပြိုင်ဆိုင် တိုက်ခိုက်နေခဲ့ကြတာပဲ။ မြန်မာပြည်ဆိုတာကို ပြန်ဖျက်သိမ်းပြီး အဲလို သေးသေးလေးတွေ ပြန်တည်ထောင်ကြမှာလား။ အဲလိုဖြစ်သွားရင် ဘေးနိုင်ငံတွေက ဘယ်လိုနေရာတွေကနေ ပါလာမလဲ။
                  နောက်ပြန်မသွားပဲ ရှေ့ဆက်မယ် ဆိုတော့လည်း ဒီ ၃ သန်းကို လက်ခံလိုက်မလား။ ထားပါတော့၊ ခက်တာတွေကို ရူးချင်ယောင်ဆောင်ပြီး fast forward လုပ်လိုက်မယ်။ ကျွန်တော်တို့မှာ ဒီမိုကရေစီ နဲ့ အညီ အများညှိနှိုင်း သဘောတူပြီးသား၊ လူလူချင်း စာနာစိတ်တွေလည်း အပြည့်ပါပြီးသား၊ အားလုံးရဲ့ အနာဂတ်အတွက်လည်း အသိပညာတွေနဲ့ ချင့်ချိန်တွက်ချက်ပြီးသား၊ လူဝင်မှု ဥပဒေတခု ရလာပြီ၊ ဒီဥပဒေအတိုင်း မြန်မာပြည်ထဲက ဘယ်တရုတ်၊ ကုလားတွေကို ဘယ်လိုရွေးပြီး ဘယ်လို နိုင်ငံသား အခွင့်အရေးတွေ ပေးမယ်၊ သူတို့ကို မြန်မာပြည်ကို ချစ်တဲ့ အကျိုးပြုမည့် နိုင်ငံသားသစ်တွေ ဖြစ်လာအောင် ဘယ်လိုမွေးမယ် ဆိုတာတွေ ရပြီ ဆိုပါတော့။ အဲဒီ အဖြေဆီ ရောက်အောင် သွားမယ့်လမ်းမှာ ဘာတွေ ထည့်စဉ်းစားကြရမလဲ။ အဲဒီ အထဲက ရိုဟင်ဂျာ အစိတ်အပိုင်း ကလေး အတွက်ကော ဘာတွေ ထည့်စဉ်းစားကြမလဲ။
                   နိုင်ငံတခုရဲ့ သယံဇာတ တွေမှာ အပင်တွေ၊ ငါးတွေလို ခုတ်ပြီးရင် ပြန်ပေါက်လာတာလည်း ရှိတယ်၊ ရေနံ၊ သတ္ထုတွေလို လျော့ပြီး ဘယ်တော့မှ ပြန်မပြည့်တော့တာ မျိုးလည်း ရှိတယ်၊ သုံးလိုက်တာ နဲ့ ပြန်ပွားလာတာ မျှနေရင် ရေရှည်ခံမယ် ( sustainable ) ၊ မနိုင်ဝန်ထမ်းပြီး အကုန်လက်ခံလိုက်ရင် ကိုယ့်နိုင်ငံ ရေရှည်မှာ ပြသနာဖြစ်လာမလား။
                S. Huntington က အနောက်တိုင်းသားတွေက လူလူချင်း အတူတူပဲ၊ အသားအရောင်၊ ဘာသာ မခွဲရဘူး၊ universal တူတဲ့ အချက်တွေကိုပဲ ကြည့်ရမယ်ဆိုပြီး migrant တွေကို လှိမ့်လက်ခံပြီး အခုတော့ လူမျိုး မတူ၊ ဘာသာမတူတာ အကြောင်းပြုတဲ့ ပြသနာတွေ များလာပြီ၊ လူလူချင်း ဘာမှ မခွဲခြားဘူးဆိုတဲ့ ဟန်ဆောင်တာတွေကို ရပ်လိုက်ပါတော့၊ လူမျိုး ဘာသာ ဓလေ့ မတူတာတွေကို ထည့်စဉ်းစားကြပါတော့ လို့ ပြောပါတယ်။ သူပြောသလိုပဲ မွတ်စလင် အများစုက အထိမခံတွေ၊ အနည်းစု လောက်ကပဲ လိုက်လျောညီထွေ နေတတ်တယ်။ ဒီတော့ တခြား မြန်မာပြည်သားတွေနဲ့ အဆင်ပြေပြေပေါင်းသင်း နိုင်အောင် ဘယ်လိုလုပ်မလဲ၊
               လူမျိုး သုံးမျိုး စုနေတဲ့ စင်္ကာပူမှာတော့ လူမျိုးလိုက် အုပ်စုဖွဲ့တာ နည်းအောင် တရပ်ကွက်ကို တရုပ်အိမ်၊ ကုလားအိမ်၊ မလေးအိမ် ဘယ်လောက်စီပဲ ရှိရမယ် ဆိုပြီး သတ်မှတ်ထားတယ် ( အုပ်စုဖွဲ့တာ နည်းသွားပေမယ့် အဖိုးကြီး အဖွားကြီးတွေမှာ အိမ်နီးချင်း ဘော်ဒါ မရှိတော့ဘူးဖြစ် ပြန်တယ် )။ ရခိုင်ပြည်က ကုလားတွေကို နယ်မကျော်ရဆိုပြီး ပိတ်ထားတော့ နှစ်ဘယ်လောက်ကြာကြာ ဘင်္ဂလားကုလားက ဘင်္ဂလားကုလားပဲ ဖြစ်နေတယ်၊ မြန်မာမွတ်စလင် ဖြစ်မလာဘူး။ မရောက်ဘူးတဲ့ မြန်မာပြည်ထက် ရောက်ဘူးတဲ့ ဘင်္ဂလားပဲ စိတ်ထဲမှာ ရှိတယ်။ ပညာရပ်အစုံ မသင်ဘူးတော့ ကိုယ်ပိုင် မစဉ်းစားတတ်ဘူး၊ ရခိုင်သူငယ်ချင်းက ပြောဖူးတယ်၊ မြန်မာမွတ်စလင် ဘာအသင်း ညာအသင်း တခုမှ သူတို့အပေါ် သြဇာမရှိဘူး၊ ပလီဆရာ ပြောရင်တော့ အကုန်လိုက်လုပ်တယ်၊ ဒီကောင်တွေကို ကိုယ်ပိုင် စဉ်းစားတတ်အောင် ပညာ ကောင်းကောင်း သင်ပေးရမယ် လို့ ပြောဖူးပါတယ်။ ရွှေတိဂုံဘုရားကြီးကို မြင်ဖူးချင်တယ် ပြောတဲ့ကုလား ရှိသလို၊ အသည်းအသန် ဖြစ်နေတဲ့ အဖွားကို နယ်မကျော်ရလို့ ဆေးရုံ မတင်လိုက်ရတဲ့ ကုလားတွေလည်း ရှိပါတယ်။
                 သူတို့ကို တခြား မြန်မာတိုင်းရင်းသားတွေနဲ့ ရင်းနှီးသွားအောင် အနယ်နယ်အရပ်ရပ်ကို ခွဲပို့ခိုင်းရင် ကောင်းမလား ( ရှမ်း၊ကချင်၊ကရင်၊ရခိုင်၊တရုတ်၊ကုလား ဘယ်သူပဲ ဖြစ်ဖြစ် ဒေသအစုံမှာ လူမျိုးပေါင်းစုံ ဘာသာစုံနဲ့ ခင်ခင်မင်မင် ပေါင်းသင်းဖူးသူဟာ ကိုယ်လူမျိုးချည်းပဲ သီးသန့်နေဖူးတဲ့ လူထက်တော့ သဘောထားအမြင် ကျယ်တာပါပဲ )၊ ကုလားတွေ ဘက်ကလည်း ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် မကြည့်ပဲ၊ မတရားလုပ်တဲ့ မွတ်စလင်ကိုလည်း လူမျိုး ဘာသာတူလို့ ဆိုပြီး ကာကွယ်ပေးထားတာမျိုး မလုပ်သင့်ပါဘူး။ ခိုးဝင်လာတဲ့ ဘင်္ဂလားက ဆွေမျိုးနဲ့ ကိုယ်ကိုလက်ခံထားတဲ့ မြန်မာပြည် တဘက်ကို ရွေးရပါမယ်။ နှစ်ဘက်စလုံးကလည်း လူဦးရေ ပြဿနာ ကနေ လူမျိုးရေးပြဿနာ၊ လူမျိုးရေး ကနေ ဘာသာရေး ပြဿနာ အထိ တဖြည်းဖြည်း ကျယ်ပြန့် ကြီးမားလာအောင် မလုပ်သင့်ပါဘူး။
               ကိုယ်လက်မခံရတိုင်း ဘေးက ဝိုင်းကြပ်တဲ့ တိုင်းပြည်တွေကိုတော့ ငတာ့ ဘကြီးလုပ်သလို လုပ်သင့်ပါတယ်။ ဘကြီး မင်္ဂလာဆောင်တော့ ဘေးကရွာသားတွေ အာဝင်ချောင်ကြတယ်။ သင်္ကန်းတစုံတည်း ထည့်လို့ ရတနာသုံးပါးဖြစ်အောင် ၃ စုံလုပ်လိုက်၊ အနန္တောအနန္တငါးပါး ဖြစ်သွားအောင် ၅ စုံလုပ်လိုက် စုံနေတာပဲ။ လူ့ခွစာ ဘကြီးက ရတယ်၊ ဖြစ်ချင်တာ အကုန်လုပ်ပေးမယ်၊ ဒါပေမယ့် ပြောတဲ့လူ တဝက်စိုက် လို့ပြောမှ လစ်ကုန်တယ်။
                  ကျန်တဲ့ တရားဥပဒေ စိုးမိုးရေး တို့၊ လုံခြုံရေး တို့တော့ ကျွမ်းကျင်သူတွေ ပြောထားတာတွေ ရှိပါတယ်။ (ရခိုင် ဘင်္ဂလားနယ်စပ်က ၁၂၅ မိုင်ရှိပါတယ်။ ကင်းစောင့်ရှိမရှိ မသိပါ၊ အရင်ကာထားတဲ့ သံဆူးကြိုးတွေကို ဖြတ်ပြီး cox's bazar မှာ နယ်စပ်သံကြိုးဆိုပြီး အခွေလိုက်ရောင်းနေတယ် လို့ ပြောတာကြားဖူးတယ်။ မော်တော်တိုင်း လှေတိုင်း ရေတပ်ကို ခဏ တော့ ဝင်တွေ့ရတာပဲ ဆိုတာလည်း ကြားဖူးတယ်။ နောက်ပြောတာ နေမှာပါ )။ ဒေါက်တာ မင်းဇော်ဦးက စစ်တကောင်း က RSO မှာ ဗုံးလုပ်တဲ့ ခွဲတဲ့ နည်းပညာတွေ ရှိနေပြီ၊ မြန်မာပြည်တွင်းကို တိုက်ခိုက်လိုက်ရင် မြန်မာအစိုးရက ရခိုင်နယ်က ကုလားတွေကို သွားကြမ်းလိမ့်မယ်၊ ဒါဆို ကုလားတွေ ဘင်္ဂလားထဲကို ထပ်ပြေးဝင်လာမှာစိုးလို့ ဘင်္ဂလားအစိုးရက RSO ကို ထိန်းထားတာ၊ သတိထားနေသင့်တယ်၊ ပြည်တွင်းက လက်သည်မပေါ်ခဲ့တဲ့ ဗုံးခွဲမှုတွေကိုတောင် သိပ်မသင်္ကာချင်ဘူး ပြောပါတယ်။ ဘာတွေလုပ်ထားသင့်တယ်ဆိုတဲ့ အကြံတွေလည်း ပေးထားပါတယ်။
              ဘာတွေပဲလုပ်လုပ် အမေသဘောတူပေမယ့် တကယ်ပေါင်းရမှာက သမီးပါ ဆိုတဲ့ ရခိုင်တွေရဲ့ သဘောထား ကိုတော့ ဦးစားပေး စဉ်းစားသင့်တယ် ထင်ကြောင်းပါ။

ဒီစာကို pdf နဲ့ လိုချင်ရင် ဒီ link မှာ download လုပ်ပါ။
မှတ်ချက်
၁. တရုတ် ကုလား ဆိုတာ chinese, indian ကို ဆိုလိုပါတယ်။ citizenship ကို ပြောတာမဟုတ်ပဲ ethnicity background ကို ပြောတာပါ။ မြန်မာမွတ်စလင် ဆိုရင် မြန်မာပြည်သား တရုတ် မွတ်စလင် တွေပါ ပါသွားပါမယ်။ ပိုသင့်တော်တဲ့ စကားလုံးပေးရင် ပြောင်းသုံးပေးပါမယ်။ အိန္ဒိယသား၊ မဇ္ဈိမတိုက်သား အဆင်မပြေပါ။ အဲဒါ ရိုက်ရတာနဲ့တင် လူမျိုးရေး မုန်းတီး စိတ်တွေ ဝင်လာနိုင်ပါတယ်။ ကုလား လို့ အခေါ်ခံရတာ မကြိုက်လို့၊ ရေထဲခုန်ချပြီး သတ်သေလိုက်တယ်၊ နောက်ဘဝ ပုဇွန် ဖြစ်တော့ ကုလားပုဇွန် လို့ အခေါ်ခံရတယ် ဆိုတဲ့ ဟာသ ကို မွတ်စလင် သူငယ်ချင်း က ပြောပြတယ်။ မင်းတို့ ၇၈၆ က ဘာလဲ မေးတော့ ငါတို့ တမန်တော် မိုဟာမက်ရယ်၊ ဗုဒ္ဓရယ်၊ ယေရှု ရယ် 21 ကစားတုန်းက ငါတို့ ဘုရား နိုင်တဲ့ ဖဲကို အမှတ်တရ မှတ် ထားတာ ပြောပါတယ်။ ငတာရဲ့ အဲဒီ တရုတ်၊ကုလား၊ ရခိုင်၊ ကချင်၊ မွန်၊ ရှမ်းတရုတ် သူငယ်ချင်းတွေ အတွက် ဒီစာကို ရေးပါတယ်။

၂. ရေးထားတာတွေ မှန်တယ် မဆိုလိုပါ။ ဒီကိစ္စက ရှင်းနေတာပဲ၊ လွယ်ပါတယ် ပြောမှာစိုးလို့ မလွယ်ဘူး ရှုပ်တယ်ဆိုတာ သိစေချင်တာ အဓိက ပါ။

၃. အောက်က sources တွေကို အပေါ်ယံဖတ်ပြီး လျှောက်ရေးတာပါ။ အတိအကျ ကို ရှာဖတ်ပါ။

The River of Lost Footsteps ( Thant Myint-U )

ရခိုင်ပြည် နှင့် ရိုဟင်ဂျာလူမျိုး သမိုင်း အကျဉ်းချုပ် ( အမျိုးသား လူ့အခွင့်အရေး ဒီမိုကရက်တစ် ပါတီ)

ရိုဟင်ဂျာ ပဋိပက္ခ၊ အမျိုသားလုံခြုံရေး နှင့် လက်တွေ့မူဝါဒဆိုင်ရာ စိန်ခေါ်မှုများ ( ဒေါက်တာ မင်းဇော်ဦး )

The Muslim Rohingya of Burma ( Martin Smith )

Arakan during the Mrauk U Period: The Political Success of a Buddhist Border States ( Dr. Jacques P. Leider )

These Buddihst Kings with Muslim Names ( Dr. Jacques P. Leider )

Study of Muslim Infiltration Into Rakhine State ( U Shwe Zan )

The Development of a Muslim Enclave In Arakan ( Rakhine ) State of Burma ( Myanmar ) ( Dr. Aye Chan )

Descriptive Ethnology of Bengal ( Edward Tuite Dalton )

နိုင်ငံခြားသားများ ဝင်ရောက်မှု နှင့် ရခိုင်ပြည်နယ်မှ ဖြစ်ရပ်အခြေအနေအချို့ ( ဗိုလ်မှုးလှမြိုင် )

Facebook, Wiki, archive.org, Google Books, UNHCR, Amnesty International, Human Rights Watch, Arakanland , ရိုဟင်ဂျာ နှင့် ရခိုင် web-sites များ