တချိန်က နိုင်ငံတွေ
အားလုံးဟာ နောက်ဆုံးမှာ ကွန်မြူနစ်စံနစ်ကို ကူးပြောင်းသွားကြလိမ့်မယ်လို့ ယုံကြည်ခဲ့ကြဘူးတယ်။
အခုခေတ်မှာတော့ နိုင်ငံအားလုံးဟာ ရွေးကောက်ဒီမိုကရေစီ စံနစ် နဲ့ ဈေးကွက်စီးပွားရေး
စံနစ်ကို ကူးပြောင်းသွားကြလိမ့်မယ်လို့ ပြောင်းလဲယုံကြည်လာကြပြန်ပြီ။ တချိန်က ကွန်မြူနစ်
စစ် မစစ် ငြင်းခဲ့ကြသလို အခုလည်း ဒီမိုကရေစီ စစ်မစစ် ငြင်းနေကြတယ်။
ဒီလူတယောက်က အခုခေတ် လူအများနဲ့ ဆန့်ကျင်ပြီး
ရွေးကောက်ပွဲ မလိုဘူး၊ တရုတ်ပြည်ကြီး ဆို ဘာရွေးကောက်ပွဲမှ မရှိပေမယ့် အောင်မြင်နေတာပဲ၊
ဒီမိုကရေစီ နိုင်ငံတွေသာ အခုခေတ်မှာ ဓါတ်ပျက်နေတာ။ သူများကို ဒီမိုကရေစီ အတင်းလိုက်ပြောင်းခိုင်းနေမည့်အစား
ကိုယ့်ဒီမိုကရေစီကို လက်ရှိ စုတ်ပြတ်နေတဲ့ အဆင့်ကနေ ပိုကောင်းလာအောင် အရင်ပြင်ပါဦးလို့
ဟောပြောတယ်။ survery ကိန်းဂဏန်းတွေကို ကိုးကားပြီး ပြောတယ်၊ တရုတ်ပြည်မှာ ရွေးကောက်ပွဲ
မရှိပေမယ့် အပြင်လူတွေ မသိတဲ့ စံနစ်ကောင်းတွေ အတွင်းမှာ ကျင့်သုံးနေတာ ရှိတယ် ဆိုပြီး
ထောက်ပြသွားတယ်။
http://www.ted.com/talks/eric_x_li_a_tale_of_two_political_systems.html
သူဟောတာ အမေရိကန် မှာဆိုတော့ ဘယ်နေကြလိမ့်မလဲ။
သူ တင်ပြတာတွေထဲက ဟာကွက်တွေကို ပြန်ထောက်ပြကြပြန်တယ်။
http://blog.ted.com/2013/07/01/why-democracy-still-wins-a-critique-of-eric-x-lis-a-tale-of-two-political-systems/
Eric X Li ဆွေးနွေးတဲ့ ထဲက ကြိုက်တာတွေကတော့
တရုတ်အစိုးရဟာ adaptablity, meritocracy နဲ့ legitimacy ရအောင် ဘယ်လိုလုပ်နေသလဲ ဆိုတာတွေပဲ။
မှားတာတွေကို သင်ခန်းစာယူပြီး အမှန်ရအောင် လိုက်ပြင်နိုင်တဲ့ adaptabilty ရှိရင် အလုပ်ဖြစ်တဲ့
စံနစ်ကောင်းကို ရလာမယ်၊ လူတော်တွေကို အစွမ်းပြခိုင်းရင်း၊ လေ့ကျင့်ရင်းနဲ့ လူမှန်နေရာမှန်
ရောက်တဲ့စံနစ် ( meritocracy ) ရှိရင် လူကောင်းတွေ ရလာမယ်၊ စံနစ်ကောင်း၊ လူကောင်းတွေ
ရလို့ အတော်အသင့် အဆင်ပြေလာရင် လူတွေက အစိုးရကို ယုံကြည်လာမယ်၊ လက်ခံလာမယ်ဆို
legitimacy ရှိလာတာပဲ လို့ ဆွေးနွေးသွားတယ်။ အမေရိကန် တွေက သူတို့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီ
ဟာ လူတိုင်းအတွက်၊ နိုင်ငံတိုင်းအတွက် ကောင်းတယ် ဆိုပြီး အတင်းလိုက်ထိုးရောင်းနေတာ
မသင့်ဘူး။ တရုတ်ဆို သူကျင့်သုံးနေတဲ့ စံနစ်ဟာ တခြားနိုင်ငံတွေ အတွက်လည်း ကောင်းတယ်
မပြောဘူး။ သူ့အတွက် အကောင်းဆုံး ဖြစ်မ်ယ့် စံနစ်ကို သူ့ဘာသာ ဖော်ထုတ်ယူတယ်။ ဒီခေတ်မှာ
တိုးတက်ဖို့အတွက် သွားတဲ့ စံနစ်တွေဟာ တခု ထက်မက ရှိနိုင်တယ် ဆိုတာ ကို လက်ခံရမယ်လို့
ပြောသွားတယ်။
ဆက်စဉ်းစားမယ်ဆို ဘာစံနစ်ကြီး ရမှ၊ ရပြန်ရင်လည်း
ဘယ်လောက်စစ်မှ တိုးတက်မယ် ဆိုပြီး အသေ ဆုပ်ကိုင် မထားသင့်ဘူး။ သူများနဲ့ ကိုယ်နဲ့
သမိုင်းနောက်ခံ၊ စိတ်နေစိတ်ထား တွေ တူချင်မှလည်း တူမယ်။ လူတိုင်းဟာ ကိုယ့်ဘဝ တိုးတက်ဖို့၊
စိတ်ချမ်းသာဖို့ လမ်းကို ကိုယ်တိုင်ရှာရသလို နိုင်ငံတခုအနေနဲ့လည်း ကိုယ့်အတွက် အဆင်ပြေမယ့်
စံနစ်ကို ကိုယ်ဘာသာ ရှာရမှာပဲ ထင်တယ်။ သူများလုပ်တိုင်း လိုက်အတုခိုး နေရုံနဲ့တော့
ကိုယ့်အတွက် အကောင်းဆုံး ဖြစ်လာမယ် မထင်ဘူး။ ဆက်စဉ်းစားရင်း စာဟောင်းနှစ်ပုဒ် စိတ်ထဲ
ပေါ်လာတယ်။
၁။ လောကသာရ
ပညာပြည့်ဝ၊
နှစ်လုံးလှသော်၊ ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်၊ ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ၊
ပြီးနိုင်စွာ၏ ။
၂။ စွယ်စုံအလှ
( ဆရာဇော်ဂျီ )
တော်သည်ချင်းရာ၊
ဆိုသည်မှာကား
လက်ရာဆန်းသစ်၊
ခေတ်မှီဆန်းပြား၊
တိုင်းခြားနည်းစုံ၊
အဖုံဖုံကို
တတ်ရုံမျှဖြင့်
မပြီးသေး။
တို့မြေ တို့ရေ၊
တို့အခြေနှင့်
တို့ငွေ တို့အား၊
တို့စိတ်ထားနှင့်
စည်းဝါးကိုက်ညီ၊
ညှိကြံစည်မှ
တော်သည်ယူဆ၊
စွယ်စုံလှ။