Wednesday, February 6, 2013

စင်္ကာပူ နှင့် လူဦးရေ


၂၀၁၂ ဟာ စင်္ကာပူအတွက် ထူးခြားတဲ့ နှစ်တနှစ် ဖြစ်တယ်။ အရင် ၁၉၄၇ နဲ့ ၁၉၆၅ ကြားမှာ စင်္ကာပူမှာ ကလေးတွေ သောက်သောက်လဲ မွေးခဲ့တယ် ( baby boom )။ အဲဒီလူတွေ ( ၉ သိန်း ) က လက်ရှိ စင်္ကာပူနိုင်ငံသား အားလုံး ရဲ့ လေးပုံတပုံလောက် ရှိတယ်။ အဲဒီအုပ်စုထဲက အသက်အကြီးဆုံးတွေက အခု ၂၀၁၂ မှာ ၆၅ နှစ်ပြည့်ပြီး အနားယူကြရတော့မယ်။

တချိန်တည်းမှာလည်း ကလေးမွေးနှုန်း ( TFR) ကလည်း ကျလာနေတယ်။ ၁၉၄၇ တုန်းက ၂.၁ လောက်ရှိရာကနေ အခုဆို ၁.၂ လောက်ပဲ ရှိတယ်။ ဒါပေမယ့် စင်္ကာပူက ကျန်းမာရေး စောင့်ရှောက်မှု ကောင်းလွန်းတော့ အသက်ကြီးတဲ့ လူတွေက တော်တော်နဲ့ မသေဘူး၊ အခု ကမ္ဘာ့အသက်အရှည်ဆုံး နိုင်ငံတွေထဲမှာ ပါနေပြီ ( ဂျပန် ၈၃၊ စကာင်္ပူ ၈၂ ) နှစ်။ အဲဒီ ၂ ခုပေါင်းလိုက်ရင် ဘာတွေ ဖြစ်လာမလဲဆိုတော့ ၂၀၂၅ လောက်မှာ သေနှုန်းက မွေးနှုန်း ထက်များလာပြီး စုစုပေါင်း လူဦးရေ လျော့ကျလာမယ်။ အခု ၂၀၁၁ နိုင်ငံသား ဦးရေ ၃.၂ သန်းကနေ ၂၀၆၀ မှာ လူ ၂.၅ သန်းလောက်အထိ ကျသွားနိုင်တယ်။ ၂၀၂၀ လောက်က စပြီး အလုပ်လုပ်နိုင်တဲ့ လူဦးရေ စ ကျမယ် (  ၂၀၁၁ မှာ တယောက် ပင်စင်ယူရင် ၂ ယောက် အလုပ် စ လုပ်မယ်၊ ၂၀၃၀ ရောက်ရင် တယောက် ပင်စင်ယူရင် ၀.၇ ပဲ အလုပ် စဝင် နိုင်တော့မယ် )။

 အခု ၂၀၁၁ မှာ လူအားလုံးပျမ်းမျှ အသက် ၃၉ နှစ်ကနေ ၂၀၃၀ မှာ ပျမ်းမျှ အသက် ၄၇ လောက်ဖြစ်သွားမယ် ။ အခု ၂၀၁၂ မှာ ၆၅ နှစ်အထက် (မှီခို ) တယောက်ရှိရင် အလုပ်လုပ်နိုင်တဲ့ လူ ( အသက်၂၀ ကနေ ၆၄ နှစ် အတွင်း)  ၅.၉ ယောက် ရှိနေရာကနေ ၂၀၃၀ မှာ ၂.၁ ယောက်ပဲ ရှိတော့မယ်။ ( အနည်းဆုံး ၄ လောက် ရှိသင့်တယ် ) ။ ဒီတော့ အလုပ်လုပ်တဲ့လူထက် ထိုင်စားနေရတဲ့ ၊ မှီခိုနေတဲ့ လူကြီးတွေက ပိုများလာပြီး အလုပ်လုပ်တဲ့ လူတွေ ဝန်ပိလာမယ်၊ အခွန်တွေ ပိုဆောင်ရမယ်၊ ကုမ္ပဏီတွေ အလုပ်သမား ရှာရခက်လာမယ်၊ စုစုပေါင်း အလုပ်လုပ်တဲ့ လူဦးရေ ကျသွားတော့ စီးပွားရေးကျမယ်၊ စီးပွားကျရင် လခ ကောင်းတဲ့ အလုပ်တွေ နည်းလာမယ်၊ ဒါဆို ပညာတတ်တွေ မနေချင်တော့ပဲ နိုင်ငံခြားတွေ ပြောင်းကုန်ကျမယ်၊ ကြာလေဆိုးလေ ဖြစ်လာမယ်။ ဒါတွေ မဖြစ်လာအောင် ကာကွယ်ဖို့က စလုံးတွေ ကလေးများများမွေးအောင် အားပေးရမယ်၊ နိုင်ငံခြားသားတွေ သွင်းပြီး လူအင်အား ဖြည့်ရမယ်။

အခုဆို လူအိုတွေများလာတော့ သူတို့ကို ဘိုးဘွားရိပ်သာမှာ သွားထားကြတယ်။ (လူတိုင်း အလုပ်လုပ်ရတော့ ကလေးလေးတွေ ၊ လူအိုတွေ အကုန် ကျောင်းပို့ ပဲ )။ ပေးရတဲ့လူက စရိတ်ကြီးပေမဲ့ ရိပ်သာက စီးပွားသိပ်မဖြစ်ဘူး။ ဒီတော့ ရိပ်သာမှာ Nursing Aid အလုပ်လုပ်တဲ့ နိုင်ငံခြားသား အလုပ်သမား တွေ ပင်ပန်းတယ်။ အိပ်ရာထဲလဲနေတဲ့ လူ ၁၀၀ လောက်ကို တနာရီခွဲ ၊ နှစ်နာရီ အတွင်း ရေချိုး ပေးရတာ လွယ်တာမဟုတ်ဘူး၊ ကြာတော့ ဖြစ်ကတတ်ဆန်းလုပ်တာ၊ ရိုင်းတာတွေ၊ အလုပ်မမြဲတာတွေ ဖြစ်လာတယ်။ ပိုက်ဆံ မတတ်နိုင်တဲ့လူတွေက ဈေးသက်သာ တဲ့ မလေး က လူအိုရုံတွေ ပို့တယ်၊ မလေးက regulation မကောင်းတော့ ကာယကံရှင် မရှိရင် ပစ်ထားတယ်၊ အီးပါချင်တယ် ပြောရင် ဆူတယ်၊ ရိုက်တယ် လို့ လေဖြတ်ထားတဲ့ ကုလားအဖိုးကြီး တယောက် က ငိုပြီး ပြန်တိုင်တယ်။ မဖြစ်ပါဘူးဆိုပြီး စလုံးက ရပ်ကွက်တိုင်းမှာ ရှိတဲ့ ( ကောင်စီရုံးလို ) community center တွေမှာ လူအိုရုံ ဖွင့်မယ်၊ အလုပ်သမားတော့ ငှားထားမယ်၊ ဒါပေမယ့် သားသမီးတွေ ရုံးပြန်အားရင် ဝင်ကြည့်ကြ လို့ စီစဉ်တယ်။ တကယ်တန်းကျတော့ လူတွေက ကိုယ့်အိမ်နား အဲဒါ လာဆောက်တာကို ကန့်ကွက်ကြတယ်။ ရပ်ကွက်မသန့်ဘူး ဆိုပြီး အိမ်ဈေးတွေ ကျမှာစိုးလို့တဲ့၊ အဲဒါကို ဝန်ကြီးချုပ်က “ကောင်းတာ လုပ်တာတော့ အားပေးတယ်၊ ဒါပေမယ့် ငါ့အိမ်နားတော့ လာမလုပ်နဲ့ “  Not in My Backyard ( NIMBY ) ရောဂါလို့ နံမည် ပေးထားတယ်။ အိမ်မှာငှားတဲ့ အိမ်ဖေါ်တွေကျတော့လည်း လူမှုရေး ပြသနာလေးတွေ ရှိတတ်တယ်။ တခါတလေ အဖိုးကြီးက အိမ်ဖေါ်မလေး ကို သေးပေါက်ချင်လို့ ဆိုပြီး ဂျိုး ခဏခဏ ကိုင်ခိုင်းတာလည်း ရှိတတ်တယ်။ အခု အဖိုးကြီးတွေကို ပြုစုဖို့ ယောင်္ကျားလေး အိမ်ဖေါ် စ ထားမယ်။ ပထမ ဆုံး အနေနဲ့ ရွှေ ယောင်္ကျားလေး အိမ်ဖေါ် ၃၀ လာမယ် ပြောတယ်။

ကလေး မွေးနှုန်းမြှင့်ဖို့ လုပ်နေတာတော့ ကြာပေါ့။ ပထမ တော့ ပညာတတ်တဲ့ လူကိုရွေးယူကြပါ၊ ဒါမှ နောက် မျိုးဆက်တွေ မြင့်လာမယ် ပြောတယ်။ အခု ဘာမှ မယူကြတော့ ပညာမတတ်လဲ ယူကြပါဟ ပြန်လုပ်နေတယ်။ စလုံးတွေက အလုပ်မအားဘူး၊ ကုန်ဈေးနှုန်းကြီးလို့ ဘာညာ ဆိုပြီး သိပ်အိမ်ထောင် မပြုကြဘူး။ ပြုရင်လည်း နောက်ကျမှ ပြုတယ်။ ၂၀၁၁ မှာ အသက် ၃၀ မှ ၃၄ တွေထဲမှာ လူပျိုက ၄၀% ၊ အပျိုက ၃၀% ရှိတယ်။ ပြုတဲ့လူတွေကျတော့ ယောင်္ကျားလေး က အသက် ၃၀ ၊ မိန်းကလေး က ၂၈ လောက် ဖြစ်နေကြပြီ။ အသက်ကြီးမှ ယူတော့ ကလေး များများ မယူဖြစ်ဘူး၊ ၂၀၁၁ မှာ ကလေးမယူတာနဲ့ ကလေးတယောက်တည်း ယူတဲ့ သူ ပေါင်းရင် ၂၆ % ရှိတယ်။ အိမ်ထောင် ပြုပြန်တော့လည်း မနှစ်က အိမ်ထောင်သစ် စုစုပေါင်း ရဲ့ ၄၀ % က နိုင်ငံခြားသားတွေ နဲ့ ပြုတာ ဖြစ်နေတော့ ဘာပြောရမှန်း မသိဘူး၊ နိုင်ငံခြားမှာ ပညာသင်ဖို့၊ စီးပွားရေး သွားလုပ်ဖို့ ပြောမိတဲ့ ကိုယ့် အပြစ်လို ဖြစ်နေတယ်၊ နိုင်ငံခြားသား နဲ့ အိမ်ထောင်ပြုတာကို တားလည်း မတားဘူး၊ အားလည်း မပေးဘူး လို့ ခပ်တည်တည် နဲ့ ကြေငြာထားရတယ်။ စလုံးနဲ့ အိမ်ထောင်ပြုတဲ့ နိုင်ငံခြားသားကို အသက်ငယ် ၊ ပညာတတ် ဖြစ်စေချင်ပေမယ့် ဘယ်လို သွားထိန်းမလဲ။

ကလေးမွေးရင် baby bonus ထောက်ပံ့ကြေး ပေးနေပေမယ့် သိပ်တက်မလာဘူး။ ကလေးမွေးရင် အမေ ကို မီးဖွားခွင့်တွေ တိုးတိုးပေးတာ ၆ လ အထိ ရောက်လာတယ်။ ဒါပေမယ့် တခါတလေ အလုပ်ရှင်က အဲလို ခွင့်အကြာကြီးယူရင် တခြားအကြောင်းပြ ပြီး ဖြုတ်ပစ်တတ်တယ်။ အခုတော့ လူတွေကို ဘာလိုချင်လဲ လိုက်မေးပြီး ဘက်စုံ ထောက်ပံ့အားပေးမယ်။ ကလေးမရလို့ ဆရာဝန်ပြချင်လည်း ပေးမယ်၊ မွေးရင် မွေးခ ပေးမယ်၊ baby bonus ပေးမယ်၊ အဖေ ရော အမေ ရော ကို ခွင့်ပေးမယ်၊ ကလေး ရောဂါပါလာရင်၊ ဖြစ်ရင် ဆေးအာမခံ ပေးမယ်၊ မူလတန်း တက်လည်း ပေးမယ်၊ အစိုးရဆောက်တဲ့ အိမ်တန်းလျားမှာ အိမ်ဝယ်ဖို့ တန်းစီရင် ဦးစားပေးမယ်။ ကိုယ်ရမည့်အိမ် ဆောက်နေတုန်း လျော့ဈေးနဲ့ အိမ်ငှားပေးထားမယ်။ ကလေးမွေးစားလည်း ခွင့်ပေးမယ်။ ဘယ်ကိစ္စမှာ ဘယ်လောက် စိုက်ပေးမယ်ဆိုပြီး ကြေငြာထားတယ်။ ကလေးနှစ်ယောက်ယူရင် စုစုပေါင်း အခွင့်အရေး ဒေါ်လာ ၁ သိန်း ၆ သောင်းခွဲ ( မြန်မာငွေ သိန်း ၁၁၆၀) လောက် ပေးမယ်။ ဒါတောင် ကာတွန်းဆရာ က အလုပ်သမား အဖေ ကလည်း ခွင့်ရလို့ ပျော်၊ ခွင့်ယူထားတဲ့ ရက်တွေ အတွက် လုပ်ခ ကို အစိုးရ က စိုက်ပေးလို့ အလုပ်ရှင်ကလည်း ပျော်၊ ဒါပေမယ့် သူခွင့်ယူတုန်း သူ့အလုပ်တွေ  ယူပြီး လုပ်ပေးနေရတဲ့ လုပ်ဖေါ်ကိုင်ဖက် ကတော့ ညစ်နေမှာပဲ ဆိုပြီး ရေးသေးတယ်။

ဒါတွေကို ထေမိအောင် နိုင်ငံခြားသား အလုပ်သမား သွင်းရမယ်၊ အသက်လည်း ငယ်၊ ပညာလည်း တတ်ပြီး စလုံးမှာ အခြေချချင်တဲ့ လူတွေကို ယာယီ နိုင်ငံသား ( PR )၊ နောက် နိုင်ငံသား ( Citizenship ) ပေးရမယ်။ ဘယ်နှစ်ယောက် ပေးရမလဲ ဆိုတာကတော့ နောင်ဖြစ်လာမည့် မွေးနှုန်း၊ သေနှုန်း ပေါ် မူတည်ပြီး တွက်သွားရမယ် ဆိုတယ်။ နိုင်ငံခြားသား စုစုပေါင်း ဘယ်လောက်သွင်းရမလဲ ဆိုတာကို မျှော်မှန်းထားတဲ့ တိုင်းပြည်စီးပွားရေး တိုးတက်မှု နှုန်း ရအောင် လူဘယ်လောက်လိုမလဲ နဲ့ ပြန်တွက်တယ်။

ပြီးခဲ့တဲ့ နှစ် ၃၀ ကနေ အခု အထိ တောက်လျောက် နှစ်စဉ် အလုပ်သမားဦးရေ ၃.၃ % တိုးခဲ့တယ်၊ GDP လည်း အများဆုံး ၁၄.၅ %အထိ တိုးခဲ့ဘူးတယ်။ ဒါပေမယ့် အခု ဘေးနိုင်ငံတွေက အရင်လို မမိုက်ကြတော့ဘူး၊ လည်လာပြီ၊ စင်္ကာပူကို အမှီလိုက်လာပြီ၊ ဒီတော့ အရင်က စီးပွားတက်နှုန်းမျိုး ပြန်ရဖို့ မမျှော်မှန်း နိုင်တော့ဘူး။ အခုကနေ 2020 အထိ GDP growth ကို ၃ မှ ၅ % ထားရင် လုပ်သားဦးရေ ၁ ကနေ ၂ % တိုးလာရမယ်။ ၂၀၂၀ နောက်ပိုင်း GDP growth ကို ၂ မှ ၃ % ထားရင် လုပ်သားဦးရေ ၁ % တိုးလာရမယ်။

လောလောဆယ် အကြမ်းဖြင်း တနှစ်ကို နိုင်ငံသားအသစ် ၁ သောင်းခွဲ ကနေ ၂ သောင်းခွဲ ရှိလာမှ ရမယ်၊ PR ကို တနှစ် ၃ သောင်း ပေးမယ် ( ၂၀၀၈ က ၇၉၀၀၀ ပေးခဲ့ ) ၊ PR စုစုပေါင်းကို ၅ သိန်းက နေ ၆ သိန်း မှာ အမြဲ ထိန်းထားမယ်။

အခု ၂၀၁၂ ဇွန်လမှာ စလုံးက ၃.၂၉ သန်း၊ PR က ၀.၅၃ သန်း ဆိုတော့ ၂ခုပေါင်း ၃.၈၂ သန်း၊ နိုင်ငံခြားသား ၁.၄၉ သန်းပေါင်းရင် စုစုပေါင်း လူ ၅.၃၁ သန်း ရှိတယ်။ ၂၀၂၀ မှာ စလုံး ၃.၅ မှ ၃.၆ သန်း ၊  PR နဲ့ပါဆို ၄ ကနေ ၄.၁ သန်း၊ နိုင်ငံခြားသား အပါ စုစုပေါင်း ၅.၈ မှ ၆ သန်း အထိ မှန်းထားတယ်။ ၂၀၃၀ မှာ စလုံး ၃.၆ မှ ၃.၈ သန်း၊ PR အပါ လူ ၄.၂ သန်း မှ ၄.၄ သန်း၊ နိုင်ငံခြားသားတွေပါ ထည့်တွက်ရင် လူဦးရေ ၆.၅ ကနေ ၆.၉ သန်း ဖြစ်ဖို့ မှန်းထားတယ် ။

ဒီ လခ နည်းနည်းပဲ ပေးရတဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ရှိတာ ဘာကောင်းလဲဆိုတော့ သူတို့က ကလေးတွေ၊ လူအိုတွေကို ထိန်းပေးထားလို့ စလုံးနိုင်ငံသား မိန်းကလေးတွေ အလုပ်လုပ် နိုင်တယ်။ အိမ်တွေ လမ်းတွေ သူတို့ ဆောက်ပေးလို့ စလုံးတွေက ဈေးသက်သက်သာသာ နဲ့ အဆင့်အတန်း မြင့်မြင့် နေနိုင်လာတယ်။ ဈေးရောင်း ၊ အစားအသောက်ရောင်း တာတို့ ဟိုတယ် အလုပ်တို့လို့ အသေးအဖွဲ အလုပ်တွေကို သူတို့ကို ခိုင်းထားပြီး စလုံးတွေက အဆင့်မြင့်အလုပ်တွေကို လုပ်နိုင်တယ်။ လခ များများပေးရတဲ့ အဆင့်မြင့် ကျွမ်းကျင် ပညာရှင် နိုင်ငံခြားသားတွေကျတော့ သူတို့တွေနဲ့ တွဲလုပ်တဲ့ စလုံးတွေ အတွက် ပညာရနိုင်တယ်။ သူတို့ကို စီးပွားရေး ကောင်းရင် တိုးခန့် ၊ မကောင်းတဲ့ အခါကျရင် ပြန်ဖြုတ် ပြီး စလုံးတွေကိုတော့ အလုပ်မဖြုတ်ပဲ ထားတော့ စလုံးတွေရဲ့ ဘဝ တွေ တည်ငြိမ်တာပေါ့ ။ သူတို့အတွက် အစိုးရက ဘာမှ စိုက်ပေးစရာလည်းမလိုဘူး၊ နိုင်ငံအတွက်လည်း အခွန်ငွေတိုးတယ်။ ဒါပေမယ့် ဒီနိုင်ငံခြားသား အလုပ်သမားတွေ သိပ်များများ သွင်းခွင့်ပြုလိုက်ရင် လုပ်ခ လစာတွေ ကျလာမယ်၊ အလုပ်ရှင်တွေကလဲ အလုပ်သမားပေါပေါရတာ့ အလုပ်သမားနည်းနည်းနဲ့ အလုပ်ဖြစ်တဲ့ နည်းလမ်းတွေ ( productivity ) ကို  ကြိုးစားရှာဖွေကြတော့ မှာ မဟုတ်ဘူး၊ ဒါအပြင် ယဉ်ကျေးမှု မတူတဲ့လူတွေ အချင်းချင်း အထင်လွဲ စကားများတာတွေ များလာနိုင်တယ်။ စလုံး အစစ်တွေ ကိုယ်နိုင်ငံထဲမှာ ကိုယ်နေရင်း ဘဝ တွေ မွန်းကြပ်လာတယ် လို့ ခံစားရလာနိုင်တယ်။ အဲဒါတွေကို ထည့်တွက်ရမယ်။

လောလောဆယ် ရှိတဲ့လူကလေး နဲ့ တတ်နိုင်သလောက် အလုပ်ဖြစ်အောင် လည်း ကြိုးစားရတယ်။ အသက် ၆၅ ပြည့်လို့ ပင်စင်ယူပြီးသား လူကြီးတွေကို ဆက်ခန့်ထားလို့ ရနိုင်သလောက် ပြန်ခန့်ကြဖို့ (Retirement and Re-employment Act) ဥာဏ်ရည်မမှီ တဲ့ ကလေးတွေကို ဈေးကြီးတဲ့ special school တွေက ပြီးရင် သူတို့လုပ်နိုင်တဲ့ လွယ်တဲ့ အလုပ်ကလေးတွေ ခန့်ဖို့ လုပ်နေတယ်။ အရူးတွေကိုတောင် လွယ်တဲ့အလုပ်ခန့်ဖို့ အမတ်အသစ် ကောင်မလေး က အဆိုတင်သေးတယ်။ လူပိုလို့ အလုပ်ပြုတ်လာတဲ့ စလုံးတွေကို လူလိုတဲ့ ဘက်မှာ ပြန်လုပ်ချင်ဖို့ လိုအပ်တဲ့ သင်တန်းတွေကို အစိုးရက အလကား တက်ခွင့်ပေးတယ်။ ဥပမာ ဘဏ်က ပြုတ်လာတဲ့လူကို ဆေးရုံမှာ nurse ပြန်လုပ်ဖို့ သင်တန်းခ ကို အစိုးရကပေးတယ်။ အလုပ်တွေကို လူနည်းနိုင်သမျှ နည်းနည်းနဲ့ ဖြစ်အောင် လုပ်ဖို့ တီထွင်တာမျိုးကို အတင်း တွန်းအားပေးတယ် ( ဥပမာ ဘတ်စကား မှာ လက်မှတ်ရောင်းတဲ့လူ မလိုအောင် card တွေ သုံးတယ်၊ ဟိုတယ်တွေမှာ “ဝန်ထမ်းတွေများ၊ အလုပ်ကပါး၊လစာနည်း“ တော့ ဝန်ထမ်းကို မနက် အလုပ်တမျိုး၊ ညတမျိုး နှစ်မျိုးခိုင်းပြီး လစာတိုးပေးတယ်၊ ရုံးပိတ်ရက် စနေကျလို့  အစားထိုး holiday တရက် ပေးရင် တနိုင်ငံလုံး ရုံးတွေ ပိတ်ပေးရမှာစိုးလို့ ဝန်ထမ်းအားလုံးကို ခွင့်တရက်တိုးပေးလိုက်တယ်၊ သူကြိုက်တဲ့နေ့ ပြန်ယူပေါ့ )။ ဒါတွေကို National Productivity and Continuing Education Coucil က နေ ဦးဆောင် လုပ်ပေးနေတယ်။ productivity မြင့်လာအောင် Spass, EP အလုပ်တွေရဖို့ အတွက် လိုအပ်တဲ့ ပညာ၊လစာ အဆင့်တွေကိုလည်း တဖြည်းဖြည်း မြှင့်နေတယ်။

စလုံးတွေ ဘဝ မြင့်မားလာဖို့ သူတို့ကို ပညာကောင်းကောင်း သင်ဖို့၊ လစာကောင်းကောင်း နဲ့ လူသက်သာ တဲ့ အလုပ်မျိုးတွေ ရဖို့ကိုလည်း လုပ်ပေးနေတယ်။ အဆင့်မြင့်တဲ့ Professional, Managgerial, Executive and Technical ( PMET ) အလုပ်တွေလုပ်နေတဲ့ စလုံးတွေက အခု ၈ သိန်းခွဲ (အခု စလုံး အလုပ်သမား အားလုံး ရဲ့ ၅၀% ) ရှိနေရာကနေ ၂၀၃၀ မှာ ၁.၂၅ သန်း ( စလုံး အလုပ်သမား အားလုံးရဲ့ သုံးပုံ ၂ ပုံ ) အထိ တိုးလာဖို့ မျှော်လင့်ထားတယ်၊ ( ဒါပေမယ့် အဲဒီ နေရာတွေကို စလုံးတွေက တရားမျှမျှတာတ ကိုယ့်အရည်အချင်းနဲ့ ရတာ ဖြစ်ရမယ်၊ အဲဒီလို ဖြစ်အောင် Tripartite Alliance for Fair Employment Practices က လုပ်လိမ့်မယ် )။ အဲဒီအတွက် လိုအပ်တဲ့ အဆင့်မြင့် ပညာရေး ရလာအောင် နိုင်ငံတကာ က နံမည်ကျော် ကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်။ သူတို့တွေ အလုပ်လုပ် နေရင်းနဲ့လည်း ကိုယ့်ပညာကို upgrade လုပ်ချင်ရင် လွယ်အောင် တသက်တာ သင်ယူမှု ( lifelong learning ) ကိုလည်း စီစဉ်ပေးနေတယ်။

လောလောဆယ် နိုင်ငံခြားမှာ နေနေတဲ့ စလုံးက ၂ သိန်းလောက် ရှိတယ်။ ၂၀၁၁ မှာ နိုင်ငံခြားမှာ မွေးတဲ့ စလုံးကလေး နှစ်ထောင် ရှိတယ်။ သူတို့ကို စလုံးစိတ်ပျောက် မသွားအောင် လိုက်စည်းရုံးမယ်။ စလုံး TV တွေကို နေ့တိုင်းကြည့်နိုင်အောင် အင်တာနက် က လွှင့်ပေးမယ်။

နိုင်ငံသား အသစ် နဲ့ အဟောင်းတွေကို ပေါင်းစည်းပေးနိုင်ဖို့ ကိုတော့ National Integration Council (NIC) ကို ဖွဲ့ပြီး လုပ်ခိုင်းမယ်။ ကောင်းကောင်းပြောဆိုဆက်သွယ် လာနိုင်အောင် အသစ်တွေကို အင်္ဂလိပ်စာ သင်တန်းတွေပေးမယ်။

ပြည်တွင်းမှာ လူဦးရေတိုးလာလို့ အကုန် ကြပ်ညပ်ပြီး ပြသနာတွေ မတက်ရအောင်လည်း စီမံထားမှ ရမယ်။ အခု ရထားလမ်း အရှည် ၁၀၀ ကီလိုမီတာ ကို ၂၀၂၁ ရောက်ရင် ၂၈၀ ကီလိုမီတာ ဖြစ်အောင် တိုးချဲ့မယ်။ ရထား စီးရေ ကားစီးရေ တိုးမယ်၊ ကားလိုင်းတွေ တိုးမယ်။ ရထားနဲ့ ကားဆုံတဲ့ Integrated Transport Hub တွေ တိုးမယ်။ ကားမကြပ်အောင် တရုံးနဲ့ တရုံး ရုံးချိန်တွေ မတူအောင် လွှဲခိုင်းမယ်၊ off-Peak hour စီးဖို့ မက်လုံးတွေ ဖန်တီးပေးမယ်။ အမိုးပါတဲ့ စင်္ကြန်တွေ၊ မြေအောက်လမ်းတွေ တိုးမယ်။ အိမ်တန်းလျား ( HDB ) တွေ၊ ဆေးရုံတွေ တိုးဆောက်မယ်။ လူအိုရုံတွေ တိုးမယ်။ အသက်ကြီးတွေလူတွေအတွက် နေရာတိုင်းကို wheel-chair နဲ့ သွားနိုင်အောင် လမ်းတွေအားလုံး barrier-free ဖြစ်အောင်လုပ်မယ်၊ wheel-chair တက်လို့ရတဲ့ bus တွေ တိုးမယ်။ အလုပ်အဝေးကြီး မသွားရအောင် စက်မှုဇုန် နဲ့ အိမ်ယာတွေ နီးအောင် ထားမယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ပန်ုးခြံတွေ၊ ဥယျာဉ်တွေလည်း လာဦးမယ်။ အကုန်စီစဉ်ထားတယ်၊ အပိုအလိုတွေလည်း ထည့်တွက်ထားတယ်၊ ဘာမှ မပူကြနဲ့လို့ အစိုးရ ကပြောပါတယ် ( A Hight Quality Living Enviroment for All Singaporeans by Ministry of National Development )။

သူအဲဒါပြောလိုက်ကတည်းက တယောက်မှ “ကြိုဆိုပါသည်၊ ထောက်ခံပါသည်“ မလုပ်ပဲ ဝိုင်းဆဲလိုက်ကြတာ ဆူနေတာပဲ၊ အရင်က မပြောရဲလို့ ငြိမ်နေရာကနေ တယောက်တပေါက် ထင်ရာမြင်ရာ ပြောကုန်ကြပါတယ်။ လူဦးရေ တိုးမယ်ဆိုတော့ ၂၀၃၀ ကျရင် ရထားတွေ ကားတွေ တွယ်စီးရတော့မှာပဲ ဆိုပြီး photoshop နဲ့ လုပ်တဲ့လူက လုပ်တယ်။ SME လုပ်ငန်းရှင်များ အသင်းက မင်းတို့တွေ အလုပ်သမား ရှားအောင် လုပ်တာ လွန်လာပြီ၊ အကုန်စီးပွားကျကုန်မယ်၊ အခု ငလျင်လာပြီ၊ နောက် ဆူနာမီ လိုက်လာလိမ့်မယ် ကြည့်နေ ဆိုပြီး ကျိန်ဆဲတယ်၊ PMET တခုတည်းနဲ့ အလုပ်လုပ်လို့ ရမလားကွ၊ အောက်ခြေအလုပ်တွေမှာ စလုံးတွေ မရှိတော့ရင် ဘာဖြစ်ကုန်မယ်၊ ဘာညာ ပြောကြတယ်။ ဥရောပ တို့ဘာတို့က ကုန်သည်ကြီးများ အသင်းတွေကလည်း “အရင် ပွင့်သေးတယ်၊ အခုလို ပိတ်လိုက်ရင် စင်္ကာပူ နိုင်ငံ နံမည်ပျက်မယ်၊ စီးပွားကျမယ်“  ဆိုပြီး စာပို့တယ်။ အစိုးရဆီ ပို့တဲ့ အိပ်ဖွင့်ပေးစာတွေ ပလူပျံနေတာပဲ ၊ သတင်းစာတွေ မှာလည်း ငြင်း၊ TV မှာလည်း ငြင်း၊ ပါလီမန် ထဲမှာလည်း ငြင်း ဆိုတော့ ငြင်းတာ ဝါသနာပါတဲ့လူတွေ အလုပ်တွေရှုပ်ပြီး သဘောတွေကျနေကြတာပဲ၊ ဆရာကြီး ဝင်လုပ်ရတာ အားသန်တဲ့လူတွေကလည်း မင်းတို့က ရုပ်ပိုင်းပဲ ကြည့်တာကိုး၊ မတူတဲ့ လူတွေ စုနေခိုင်းရင် စိတ်ဒုက္ခရောက်တယ်၊ ဘယ်လိုဖြစ်တယ် ဘာညာ ဝင်ပြောတာပေါ့။

ဘာပဲ ပြောပြော တကမ္ဘာလုံးမှာ အရမ်းတော်တဲ့ အစိုးရတွေတောင် အဆဲခံနေရတာ ပဲ၊ ငါတို့ အဆဲခံရတာ နည်းပါသေးတယ်၊ နောက်ဖေးလမ်းကြား မှောင်ထဲကနေ ဆဲသွားတဲ့ ကောင်ကိုလည်း လိုက်ရှာမနေတာ့ပါဘူး ဆိုပြီး မြန်မာအစိုးရ အသစ်လေး ဖြေနိုင်စေချင်ပါတယ်။
Ref: စလုံး ပြည်တွင်း သတင်းများ ၊ A sustainable Population for a Dynamic Singapore ( Population White Paper )


PDF link : http://www.mediafire.com/view/?5644n9bafrn7dgn