Saturday, September 24, 2011

တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံး အလိုမှာ ကယ်တင်ခဲ့မိတာကို နောင်တ ရ သတဲ့လား

ယခု ၁၉၉၅ ခု၊ ဇူလိုင်လ ၂၆ ရက် နေ့တွင်မှ ဦးနေဝင်း နှင့် ပြန်လည် ဆုံတွေ့ရခြင်း ဖြစ်ပါသည်။ ထိုနေ့က ဦးနေဝင်းကို မြင်ရသည်မှာ ကိုယ်ရည် အနည်းငယ်စစ်သွားသည်မှတစ်ပါး ရှေးက ကဲ့သို့ပင် ရွှင်ရွှင်လန်းလန်းနှင့် ကျန်းကျန်းမာမာ ရှိနေသည်ကို မြင်ရပါသည်။ သူသည် ကျွန်တော်တို့အား ရွှင်လန်းဝမ်းသာသော မျက်နှာနှင့် ဆီးကြိုပါသည်။ ဧည့်ခန်းတွင် ဝိုင်းဖွဲ့ကာ စကားပြောကြပါသည်။ စလျှင် စခြင်းပင် ဥက္ကဌကြီး ဦးနေဝင်းက ဒီနေ့ အေးအေးဆေးဆေး စကားတွေ ပြောကြမယ်၊ ဒါပေမယ့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတွေကိုတော့ မပြောကြပါနှင့်၊ ဘာသာရေး နဲ့ ယဉ်ကျေးမှု အကြောင်းတွေပဲ ပြောကြမယ် ဟု ပြောပါသည်။……ဥက္ကဌကြီး ဦးနေဝင်းကို ကြည့်ရသည်မှာ ဝိပဿနာ ဘာဝနာ အမှုကို ပြုနေရခြင်း၌ မွေ့လျော်နေပုံ ရပါသည်။
မွန်းလွဲ နှစ်နာရီ ကျော်ကျော်တွင် စကားဝိုင်းကို ခေတ္တနားလိုက်ပါသည်။ ယင်းအခိုက်မှာပင် ဥက္ကဌကြီး ဦးနေဝင်းက ကျွန်တော်တို့ မမျှော်လင့်သော စကားတရပ်ကို ရုတ်တရက် ပြောဆိုလိုက်ပါတော့သည်။
“ကိုယ့်လူတွေနဲ့ ကြုံတုန်းပြောလိုက်ရဦးမယ်…ကိုယ့်အနေနဲ့ ဒီသံသရာတရားတွေ…သင်္ခါရ တရားတွေ အနိစ္စ..အနတ္တ တရားတွေကို ဒီနေ့သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ်ဆိုရင် ၁၉၆၂ ခုနှစ်၊ မတ်လ က ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး” ဟူသော စကားရပ်ပင် ဖြစ်ပါတော့သည်။
ကျွန်တော်၏နားကို ကျွန်တော် မယုံနိုင်အောင် ဖြစ်သွားပါသည်။ ဦးတင်အောင်ဟိန်း သည် ဦးနေဝင်း ပြောစကားကို အာရုံစိုက်နေပါသည်။ကျွန်တော်တို့သည် ဘာမှ ပြန်မပြောကြပဲ ဦးနေဝင်းက ဆက်လက်ပြောကြားလာမည့် စကားကိုသာ စောင့်နေကြပါသည်။
ဥက္ကဌကြီး ဦးနေဝင်း သည် စကားကို ဆက်မပြောသေးပဲ ခဏမျှ စဉ်းစားနေပုံ ရှိပါသည်။ သည့်နောက်တွင် ဆက်ပြောပြန်ပါသည်။
“ဟုတ်တယ်…အဲဒီတုန်းကသာ ဒီတရားတွေကို သိနေခဲ့ရင် ၁၉၆၂ က လုပ်ခဲ့တဲ့ အလုပ်မျိုးကို ကိုယ်မလုပ်ခဲ့ဘူး” ဟု ပြောပါသည်။ ၁၉၆၂ ဆိုသော စကားလုံးကို အင်္ဂလိပ်လို အသံထွက်ဖြင့် ပြောခဲ့ပါသည်။ ယခု အထက်ပါအတိုင်း ကျွန်တော်ပြန်ရေးပြသော စကားရပ်များမှာ ဥက္ကဌကြီး ဦးနေဝင်း ပြောခဲ့သည့် အတိုင်း ဖြစ်ပါသည်။
ဦးနေဝင်း သည် စကားမဆက်တော့ပဲ နေပါသည်။ ကျွန်တော်တို့ကလည်း ပြန်ခွင့်ပြုပါရန် ပြောပါသည်။ ဦးနေဝင်းသည် စကားအများကြီး ပြောခဲ့သော်လည်း ပင်ပန်းနွမ်းနယ်ပုံ မရပဲ ရွှင်လန်းလျက်သာ ရှိနေပုံ ရပါသည်။



ကိုကိုမောင်ကြီး
ကျွန်တော်သိသော တစ်ရံရောအခါများ ( စာမျက်နှာ-၇၆၀-၇၆၃ )

No comments:

Post a Comment