Wednesday, March 6, 2013

ယုံတဲ့သူတွေ များလွန်းနေလို့ -၂ ( ငြင်းခုံသူများ )

from "Life of Pi" by Yann Martel

( ပိုင် က အိန္ဒိယ နိုင်ငံ၊ pondicherry မြို့က ကုလားလေး တယောက်ဖြစ်တယ်။ ဘာသာရေး စိတ်ဝင်စားခါစ လူပျိုပေါက်အရွယ်မှာ ခရစ်ယန် ဘုန်းတော်ကြီး၊ ဟိန္ဒူ ပဏ္ဍစ်ကြီး၊ မူစလင် အီမန်ကြီး တွေနဲ့ တွေ့ပြီး အဲဒီ ဘာသာ သုံးခု စလုံးကို ဝင်ထားတယ်၊ ဘယ်သူကိုမှ အသိမပေးဘူး။ တနေ့တော့ မိသားစု ပင်လယ်ကမ်းစပ်အတိုင်း လမ်းလျှောက်ရင်း ဆရာကြီး သုံးယောက်စလုံး နဲ့ မျက်နှာချင်းဆိုင် သွားတွေ့တယ်၊ ဆရာကြီးတွေက ပိုင် ရဲ့ မိဘ တွေကို နှုတ်ဆက်ဖို့ ကြိုးစားကြတယ် )



သူတို့ သုံးယောက်စလုံး ဒီမိသားစုဆီကို ဦးတည်ပြီး လာနေတယ်ဆိုတာကိုလည်း သဘောပေါက်သွားရော ဆရာကြီး သုံးယောက်စလုံး စိတ်အနှောက်အယှက် ဖြစ်သွားကြတယ်။ သုံးယောက်စလုံးက ကျန်တဲ့ နှစ်ယောက်ဟာ ကိစ္စတခုရှိလို့ ဒီမိသားစုဆီကို ( ငါလာနေတာ တွေ့ရဲ့သားနဲ့ ) အလိုက်ကမ်းဆိုး မသိ အတင်း ဝင်လာတာပဲ လို့ တွက်လိုက်ပုံ ရတယ်။ တယောက်နဲ့ တယောက် စိတ်ပျက်တဲ့ အကြည့်နဲ့ ကြည့်လိုက်ကြတယ်။

သူတို့နဲ့ မသိတဲ့ ဘာသာရေးဆရာကြီး သုံးယောက်က ပြုံးပြုံးကြီး နဲ့ လမ်းပိတ်ရပ်ထားတာ တွေ့လိုက်တော့ ကျွန်တော့် မိသားစုလည်း ဇဝေဇဝါ ဖြစ်သွားတယ်။ .........

ဟယ်လို တွေ၊ မင်္ဂလာပါတွေလည်း ပြီးရော အနေရခက်လောက်အောင် အကြာကြီး တိတ်သွားကြတယ်။ ဒီတိတ်ဆိတ်မှုကို ခရစ်ယန် ဘုန်းတော်ကြီးကပဲ ဂုဏ်ယူဝင့်ကြွားမှု အပြည့်ပါတဲ့ စကားတွေနဲ့ စဖြိုခွဲလိုက်တယ်။ " ပစ်ဆင်း ဟာ သိပ်တော်တဲ့ ခရစ်ယန် လူငယ်လေးပါပဲ ခင်ဗျား၊ သူ မကြာခင် ကျွန်တော်တို့ရဲ့ ဓမ္မတေးဆိုတဲ့ အဖွဲ့မှာ ပါဝင်လာနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ် ခင်ဗျ"

ကျွန်တော့်မိဘ တွေကော၊ ပဏ္ဍစ်ကြီးကော၊ အီမန်ကြီးကော အံ့သြသွားကြတယ်။

"ခင်ဗျား မှားနေပြီ ထင်တယ်နော။ သူက သိပ်တော်တဲ့ မူစလင်လူငယ်ကလေးပါ၊ သောကြာနေ့ ဝတ်ပြုတိုင်း မပျက်မကွက်လာတယ်၊ ကိုရန်ကျမ်းကိုလည်း အတော်လေး သိလာနေပါပြီ" လို့ အီမန်ကြီး က ပြောလိုက်တယ်။

ကျွန်တော့် မိဘတွေကော၊ ဘုန်းတော်ကြီးကော၊ ပဏ္ဍစ်ကြီးကော မယုံနိုင်အောင် ဖြစ်သွားကြတယ်။

ပဏ္ဍစ်ကြီးက ပြောလိုက်တယ်။ "ခင်ဗျားတို့ နှစ်ယောက်စလုံး မှားနေပြီ။ သူက သိပ်လိမ္မာတဲ့ ဟိန္ဒူလူငယ်လေးပါ၊ သူ ဘုရားကျောင်းမှာ ဘုရားဖူး၊ ဆွမ်းကပ် လာလုပ်နေတာ တချိန်လုံးတွေ့နေတာပဲ ဥစ္စာ"

ကျွန်တော့် မိဘတွေကော၊ အီမန်ကြီးကော၊ ဘုန်းတော်ကြီးပါ အံ့အားသင့်ကုန်တယ်။

"ဘာမှာ မမှားပါဘူးဗျ" လို့ ဘုန်းတော်ကြီးက ပြောတယ်။ "ကျွန်တော်သူ့ကို သိတာပေါ့၊ သူ့နံမည်က ပစ်ဆင်း မောလိတာ ပတေး၊ ခရစ်ယန်လေးပါဗျ"

"ကျုပ်လည်း သိတာပဲ၊ ဒါပေမယ့် သူက မူစလင်ပါဗျ" လို့ အီမန်ကြီးက အခိုင်အမာ ပြောလိုက်တယ်။

"အဓိပ္ပါယ်မရှိတာဗျာ" လို့ ပဏ္ဍစ်ကြီး က အော်ပစ်လိုက်တယ်။ "ပစ်ဆင်း ဟာ မွေးကတည်းက ဟိန္ဒူ ၊ ကြီးတော့လည်း ဟိန္ဒူ၊ သေတော့လည်း ဟိန္ဒူ ပဲ" ဖြစ်ရမှာပေါ့။

ဆရာကြီး သုံးယောက်စလုံး အသက်တောင် မရှုနိုင်ပဲ၊ တယောက်ကိုတယောက် မယုံနိုငိတဲ့ မျက်လုံးကြီးတွေနဲ့ ပြူးကြည့်နေကြတယ်။

ဘုရားသခင်၊ သူတို့ မျက်လုံးတွေကို ကျွန်တော်မျိုးထံမှ လွှဲတော်မူပါ၊ ကျွန်တော် တိတ်တိတ်လေး ဆုတောင်းမိလိုက်တယ်။

တခါတည်း မျက်လုံးအားလုံး ကျွန်တော့်ပေါ် ရောက်လာပါလေရော။

" ပစ်ဆင်း၊ ဒါတကယ်ပဲလား" အီမန်ကြီးက စိတ်အရမ်းပါလာပြီ။ " ဟိန္ဒူ နဲ့ ခရစ်ယန် ဆိုတာ ရုပ်ထုကိုးကွယ်တဲ့ လူတွေနော်၊ သူတို့မှာ ဘုရားတွေက အများကြီး"

"မူစလင်တွေကျတော့ မိန်းမတွေ အများကြီး ရှိတာပေါ့" ပဏ္ဍစ်ကြီးက တုံ့ပြန်လိုက်တယ်။

ဘုန်းတော်ကြီးက သူတို့နှစ်ယောက်စလုံးကို တချက်ငဲ့ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်သလို ပြောတယ်၊ "ပစ်ဆင်း၊ ယေရှုသခင်ဆီမှာသာ ကယ်တင်ခြင်းကို ရနိုင်တယ်နော်"

"ပေါက်တတ်ကရတွေကွာ၊ ခရစ်ယန်တွေက ဘာသာရေးအကြောင်း ဘာများသိလို့တုန်း" ပဏ္ဍစ်ကြီး က ပြောတယ်။

"ဟုတ်တယ်၊ သူတို့ ဘုရားသခင်ရဲ့ လမ်း ကနေ သွေဖယ်သွားခဲ့တာ ကြာပြီ" အီမန်ကြီးက ပြောလိုက်တယ်။

"မင်းတို့ ဘာသာမှာ ဘုရားက ဘယ်မှာတုန်း" ဘုန်းတော်ကြီး က ခပ်ပြတ်ပြတ် မေးလိုက်တယ်။ "မင်းတို့ဘာသာမှာ ဘုရားသခင်က တန်းခိုးပြဋိဟာ ပြထားတာ တခုတလေတောင် ရှိလို့လား၊ တန်းခိုးပြတာ တခုမှ မရှိပဲနဲ့များ၊ ဘယ်လို ဘာသာ ပါလိမ့်" ( see note )

"တို့က တချိန်လုံး သေပြီးသား မသာတွေ ဂူထဲကနေ ခုန်ခုန် ထ လာနေတဲ့ ဆပ်ကပ် မဟုတ်ဘူးကွ၊ အဲလို ဘာသာကွ၊ ငါတို့ မူစလင်တွေက သဘာဝ အခြေခံ တန်ခိုးပြတော်မူတာတွေကိုပဲ လက်ကိုင်ထားတယ်၊ ငှက်တွေ ပျံနေတာ၊ မိုးတွေ ရွာတာ၊ သီးနှံတွေ ပေါက်ပွားလာတာ၊ အဲဒီ တန်ခိုးပြတော်မူတာတွေနဲ့တင် တို့အတွက် လုံလောက်နေပြီ"

"ငှက်တွေ မိုးတွေ ကတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် ဘုရားခင်က ကိုယ့်ဘက်မှာ တကယ်ရှိနေလား၊ မရှိနေလားတော့ သိချင်တာပေါ့ဗျာ"

"သြော်၊ ဟုတ်လား၊ ကောင်းပြီ၊ မင်းတို့နဲ့ လာနေတော့ ဘုရားသခင် အတွက် အများကြီး အကျိုးထူးတာကိုး၊ မင်းတို့ ဘုရားကို ဝိုင်းသတ်ဖို့ လုပ်ကြတယ်လေ၊ မင်းတို့ သူ့ကို ကားစင်မှာ သံမှိုကြီးတွေနဲ့ ရိုက်ထားတယ်လေ၊ တမန်တော် ကို ဒီိလို လုပ်တာ လူယဉ်ကျေးတွေ တဲ့လား၊ ငါတို့ တမန်တော် မိုဟာမက် ဆိုရင်၊ တမန်တော် ငြိမ်းချမ်းပါစေ၊ ဘုရားသခင် ရဲ့ နူတ်ကပတ်တော်ကို ငါတို့ဆီကို ဆောင်ယူလာပေးတာ၊ ဘာမှ သိက္ခာကျစရာ၊ အရှက်ကွဲစရာ မကြုံရပဲ၊ အသက်အတော်ကြီးမှ ဓမ္မတာအတိုင်း သေသွားတယ်။"

"ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဟုတ်လား၊ သဲကန္ထာရအလယ်က မင်းတို့ရဲ့ စာမတတ်တဲ့ ကုန်သည်ဆီကို ဟုတ်လား၊ ကုလားအုပ်စီးရတာ ဟိုဘက်ဒီဘက် ယိမ်းလွန်းလို့ သွားရေတွေ၊ဘာတွေကျပြီး ဝက်ရူးပြန်ပြီး တက်တာ ဖြစ်ပါလိမ့်မယ်၊ ဘုရားသခင် နှုတ်ကပတ်တော် ကျတာတော့ မဟုတ်လောက်ပါဘူး၊ အဲ ဒါမှ မဟုတ်ရင် နေပူလွန်းလို့ ဦးနှောက်တွေ ဟပ်ဘွိုင်ဖြစ်သွားတာ ဖြစ်ပါလိမ့်မယ်"

"တမန်တော်သာ အခုနေ၊ တမန်တော် ငြိမ်းချမ်းပါစေ၊ ရှိနေခဲ့ရင် ခင်ဗျားအတွက် စကားလုံး ကောင်းကောင်းလေးတွေ ပြောရှာမှာပါ" အီမန်ကြီးက မျက်လုံးလေး မှေးပြီး ပြန်ပြောလိုက်တာပါ။

"ဟုတ်ပါပြီ၊ ဒါပေမယ့် အခုမှ မရှိပဲ၊ ခရစ်တော်ကတော့ ရှင်သန်နေတုန်းပဲ၊ မင်းတို့ရဲ့ ငြိမ်းချမ်းပါစေကြီးကတော့ သေပြီ၊ သေပြီ၊ သေပြီကွ"

ပဏ္ဍစ်ကြီးက ကြားကဖြတ်ပြီး ခပ်တိုးတိုးပဲ ပြောလိုက်တယ်၊ သူက တမီးလ် လို ပြောလိုက်တာ၊ "အဓိက ပြသနာကတော့ ဘာဖြစ်လို့ ပစ်ဆင်း ဟာ ဒီ တိုင်းတပါးက ဘာသာရေးတွေကို အပျော်သွားလုပ်နေတာလဲ ဆိုတာပဲ"

ဘုန်းတော်ကြီး နဲ့ အီမန်ကြီး တို့ရဲ့မျက်လုံးကြီးတွေ အပီအပြင် ပြူးထွက်လာပါရော၊ သူတို့နှစ်ယောက်စလုံးက ဒီမှာမွေးတဲ့ တမီးလ် လူမျိုးတွေ။

"ဘုရားသခင်ဟာ လူတိုင်းနဲ့ဆိုင်တယ်" ဘုန်းတော်ကြီးက ဒရောသောပါး ပြောချလိုက်တယ်။

အီမန်ကြီးက ခေါင်းကို ဆတ်ကနဲငြိမ့်ပြီး ထောက်ခံလိုက်တယ်။ "ဘုရားဆိုတာ တပါးတည်း ရှိတယ်"

"သူတို့ ဘုရားတဆူတည်းနဲ့တင် မူစလင်တွေမှာ ပြသနာရှာလိုက်ရတာ၊ အဓိကရုဏ်းတွေ လုပ်လိုက်ရတာ၊ အဲဒါ မူစလင်တွေ ဘယ်လောက်ရိုင်းတယ်၊ အစ္စလမ်ဟာ ဘယ်လောက်ဆိုးတယ် ဆိုတဲ့ သက်သေပါပဲခင်ဗျား" ပဏ္ဍစ်ကြီးက ကြေငြာလိုက်ပါတယ်။

"အောင်မာ၊ ဇာတ်ခွဲတဲ့ ကျွန်ထိန်းကပဲ ပြောရတယ် ရှိသေးတယ်" အီမန်ကြီးက ဟောက်လိုက်တယ်။ "ဟိန္ဒူတွေကျတော့ကော၊ လူတွေကိုတော့ ( ဇတ်နိမ့်တွေကို ) ကျွန်လုပ်ပြီး ၊ အင်္ကျိဝတ်ပေးထားတဲ့ ကစားစရာ အရုပ်တွေကိုကျတော့ ရှိခိုးနေတယ် မဟုတ်လား"

"ဒီကောင်တွေက ရွှေနွားရုပ် ကို ကိုးကွယ်တဲ့လူတွေ ( သမ္မာကျမ်းလာ မိစ္ဆာဒိဌိအယူ ) ၊ နွားရှေ့မှာ ဒူးထောက်နေတာ" ဘုန်းတော်ကြီး က ဝင်တော ပေးလိုက်သည်။

"ခရစ်ယန်တွေကျတော့ ဟိုလူဖြူရှေ့မှာ သွားဒူးထောက်တယ် မဟုတ်လား၊ တိုင်းတပါးက လာတဲ့ ဘုရားနံဘေးက ပြေးလိုက်နေကြတဲ့ အကောင်တွေ၊ လူဖြူမဟုတ်တဲ့ လူတိုင်းက ဒင်းတို့ကို ရွံကြောက်ကြီးပေါ့"

"ပြီးတော့ သူတို့က ဝက်သားလည်းစား၊ လူသားလည်းစားတဲ့ ဟာတွေပဲ" အီမန်ကြီး အဆစ်ဝင်ထည့်သွားသည်။

"အဲ နောက်ဆုံး ဘယ်ရောက်လာလဲဆိုတော့" ဘုန်းတော်ကြီးက ဒေါသကို ထိန်းပြီး ပြောခြင်းဖြစ်သည်၊ "ပစ်ဆင်းဟာ တကယ့်ဘာသာ ကို လိုချင်သလား၊ ကာတွန်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တွေကိုပဲ လိုချင်တာလား ဆိုတာပဲ"

"ဘုရားကိုရွေးမလား၊ အရုပ်ကိုရွေးမလား ပေါ့လေ" အီမန်ကြီးက အသံလေးလေးနဲ့ ချီလိုက်သည်။

"ကိုယ့်ဘုရားတွေရွေးမှာလား၊ ကိုလိုနီဘုရားတွေကို ရွေးမှာလား" ပဏ္ဍစ်ကြီးက ရှုးရူးရှဲရှဲ ပြောချလိုက်သည်။

ဘယ်သူမျက်နှာ ပိုရဲနေသလဲ ပြောဖို့တောင် ခက်သည်။ မကြာခင် ထိုးကြ ကြိတ်ကြ တော့မည့်ပုံပေါ်နေသည်။

ဒါနဲ့ပဲ အဖေက သူ့လက်နှစ်ဘက်ကို မြှောက်လိုက်ပြီး "လူကြီးမင်းများ၊ လူကြီးမင်းများ ခင်ဗျား" လို့ အော်လိုက်ပါသည်။ "ဒီနိုင်ငံမှာ မည်သူမဆို ကိုယ်ကြိုက်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်ဆိုတာ သတိပေးပါရစေ"

လေဖြတ်ထားသလို ရွဲ့စောင်းနေသော မျက်နှာကြီး သုံးခု သူ့ဘက်ကို လှည့်သွားသည်။

"ဟုတ်တယ်၊ ( ကိုယ်ကြိုက်ရာ ) ဘာသာ၊ တခုတည်း " လို့ ဆရာကြီး သုံးယောက် သံပြိုင် ဟစ်လိုက်ကြသည်။ လက်ညှိးသုံးချောင်း ကလည်း သူတို့စကား ပိုလေးနက်အောင် နောက်ကနေ exclamation mark ( ! ) ထည့်ပေးလိုက်သလို လေထဲကို မြောက်တက်လာကြသည်။

မရည်ရွယ်ပဲနဲ့ စကားသံပြိုင်၊ အမူအယာ က ယိမ်းကသလို တိုက်ဆိုင်သွားတာကို သူတို့ဘာသာ မကျေမနပ် ဖြစ်သွားကြပြန်သည်။ လက်ညှိးတွေ အမြန်ပြန်ရုပ်ပြီး သက်ပြင်းတွေချ၊ ညည်းညှု ကုန်ကြသည်။ အဖေ နဲ့  အမေ လည်း ဘာပြောရမှန်း မသိတော့ပဲ ပြူးကြည့်နေကြပါသည်။

ပဏ္ဍစ် ကြီးက စ ပြောပါသည်။ " မစ္စတာ ပတေး ခင်ဗျား၊ ပစ်ဆင်း ရဲ့ ဘုရားတရား ကြည်ညိုတတ်ပုံ ကတော့ ချိးကျူး စရာပါပဲ ခင်ဗျား၊ အခုလို ခေတ်ပျက်ကြီးမှာ ဒီလောက် ဘုရားတရားကို စိတ်ဝင်စား တတ်တဲ့ ကလေးမျိုး တွေ့ရတာ သိပ်ကောင်းတာပေါ့ ခင်ဗျာ" ၊ အီမန်ကြီး နဲ့ ဘုန်းတော်ကြီး ကလည်း ခေါင်းညိတ်ပါသည်။ " ဒါပေမယ့် သူက ဟိန္ဒူကော၊ ခရစ်ယန်ကော၊ မူဆလင်ကော တော့ မဖြစ်နိုင် ဘူးခင်ဗျ၊ လုံးဝ ကို မဖြစ်နိုင်ပါဘုး၊ သူတခု ကို ရွေးရပါလိမ့်မယ်"

"'ဒီဥစ္စာ ပြစ်မှုတော့ မဟုတ်ဘူး ထင်ပါတယ်၊ ဒါပေမယ့် ခင်ဗျားပြောတာလဲ မှန်တယ် ထင်ပါတယ်" လို့ အဖေ က ပြန်ပြောလိုက်ပါတယ်။

သုံးယောက်စလုံး တိုးတိုး တိုးတိုး ရေရွတ်ကြပြီး တော့ အဖေ လုပ်သလို ကောင်းကင်ကို မော့ကြည့် ကုန်ကြပါတယ်၊ ကောင်းကင်ကပဲ ဆုံးဖြတ်ချက် ကျလာတော့မယ့် ပုံပါ။ အမေ က ကျွန်တော်ကို ကြည့်လိုက်ပါတယ်။ တိတ်ဆိတ်ခြင်းဟာ ကျွန်တော့်ပခုံးတွေပေါ်ကို လေးလံစွာ ကျရောက်လာပါတော့တယ်။

"ကဲ၊ ပစ်ဆင်း" အမေက ကျွန်တော့်ကို အသာလေး တွန်းလိုက်ပြီး " အဲဒီ ( ရွေးတဲ့) ကိစ္စ သား ဘာပြောချင်လဲ"

"ဘာဘူကြီး ဂန္ဒီ က ဘာသာအားလုံးဟာ မှန်တာချည်းပဲ လို့ ပြောတယ်လေ၊ သားက ဘုရားကို ကြည်ညိုချင်တာပါ" လို့ လွှတ်ကနဲ ပြောလိုက်မိပြီး ၊ မျက်နှာလည်း ရဲပြီး ခေါင်းကို ငုံ့ထားလိုက်မိပါတော့တယ်။

ကျွန်တော် ရှက်သွားတာဟာ အားလုံးကို ကူးစက်သွားပါတယ်။ ဘယ်သူမှ ဘာမှ မပြောကြတော့ပါဘူး။ ဖြစ်ချင်တော့ ကျွန်တော်တို့ရောက်နေတဲ့နေရာက တာလမ်းမပေါ်က ဂန္ဒီကြီး ရုပ်ထု ရှိတဲ့ နေရာနဲ့ သိပ်မဝေးလှပါဘူး။ လက်ထဲမှာ တောင်ဝှေး နဲ့၊ နှုတ်ခမ်းမှာ မှင်စာအပြုံးလေး နဲ့ မျက်လုံးမှာ အရောင်လက်လို့ မဟတ္တမ တယောက် လမ်းလျှောက်နေပါတယ်။ ကျွန်တော်တို့ တတွေ ပြောစကားတွေကို သူများ ကြားသွားလား ၊ ပြောစကားတွေထက် ကျွန်တော့် နှလုံးသားကို သူ ပိုအလေးထား နားများထောင်နေလေ သလားလို့ စိတ်ကူးယဉ် မိပါတယ်။ အဖေ က လည်ချောင်းတချက်ရှင်းလိုက်ပြီး အသံတိမ်တိမ်နဲ့ "ဒါ ကျွန်တော်တို့ အားလုံးကြိုးစားနေတဲ့ ဘုရားကို ကြည်ညို ကြဘို့ပဲ ထင်ပါတယ် ဗျာ" လို့ ပြောလိုက်ပါတယ်။

ကျွန်တော်လူမှန်း သိတတ်စ ကတည်းက ဘုရားကျောင်းထဲကို တလေးတနက် ထားပြီး ခြေမချဘူးတဲ့ အဖေက အဲဒီလိုပြောလိုက်တာ့ ရီတော့ ရီချင်သား။ ဒါပေမယ့် အဲလိုပြောလိုက်တာ အလုပ်ဖြစ်သွားတယ်။ ကလေးက ဘုရားကြည်ညိုတာကို အပြစ်ပြောလို့ မရဘူးလေ။ ဆရာကြီး သုံးယောက်လည်း မျက်နှာမှာ မကြည်သာတဲ့ အပြုံးသေတွေနဲ့ ထွက်သွားကြပါတော့တယ်။

အဖေက ကျွန်တော့်ကို တခုခု ပြောတော့မည့်ပုံနဲ့ ကြည့်နေပြီးမှ အိုင်ဒီယာ ရသွားပြီး " ဘယ်သူ ice-cream စားကြဦးမလဲ" လို့ မေးပြီး ဘယ်သူမှာ ဘာမှ ပြန်မပြောခင် အနီဆုံး ice-cream ဆိုင် ဘက် လှည့်သွားပါတော့တယ်။ အမေ ကတော့ ကျွန်တော်ကို ကြင်နာတဲ့၊ ဘာကောင်မှန်းမသိတဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။

ဒါကတော့ ကျွန်တော့် အတွက် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ မိတ်ဆက်ပါပဲ။ အဖေက ice-cream နဲ့ sandwiches တွေ ဝယ်လာပါတယ်။ ကျွန်တော်တို့လည်း အရင်နေ့တွေလို မဟုတ်ပဲ တိတ်တိတ်ဆိတ်ဆိတ် မုန့်စားရင်းနဲ့ တနင်္ဂနွေ လမ်းလျှောက်တာကို ဆက်ခဲ့ကြပါတယ်။

Note: ဘုရားသခင်က တမန်တော် တယောက်လွှတ်လိုက်ရင် သူလွှတ်လိုက်တာမှန်း သိသာအောင် အဲဒီ တမန်တော်ကို တန်ခိုးတချို့ ပြခွင့်ပေးလေ့ရှိတယ်လို့ ခရစ်ယန် တွေက ယုံကြည်ကြတယ်။

No comments:

Post a Comment