Wednesday, March 27, 2013

မူဆလင် ရခိုင်ဘုရင် ရှိသလား


Buddhist or Muslim Rulers?

Models of Kingship in Arakan (Western Burma) in the Fourteenth to Fifteenth Centuries

By Michael W. Charney

 

          ရိုဟင်ဂျာ ဆိုသူတွေက ရှေးဟောင်းရခိုင်ပြည်မှာ မူဆလင် အားကောင်းတယ်၊ တချို့ရခိုင်ဘုရင်တွေတောင် အစ္စလမ် ဘာသာ ကိုးကွယ်တယ်၊ အခုမှ စားပြီးနားမလည် လုပ်နေတယ် စသည်ဖြင့် ပြောလေ့ရှိတယ်။ အဲဒါတွေ အထောက်အထား ရှိ၊ မရှိကို Charney က ရေးထားတယ်။

          မြောက်ဦးခေတ်က ဘုရင်တချို့ဟာ အစ္စလမ်ဘွဲ့ခံတယ်၊ အဲဒီ ဘွဲ့ကို ပါရှန်းစာ နဲ့ ရေးထားတဲ့ ဒင်္ဂါးတွေ၊ ( မြန်မာ အရဟံ လို ) ကာလီမာ စာတမ်း ပါတဲ့ ဒင်္ဂါးတွေကို နန်းတက်ပွဲမှာ ထုတ်ခဲ့ဘူးတယ်။ မူစလင်နန်းတွင်း စတိုင်နဲ့ မင်းခမ်းမင်းနားတွေကို လုပ်လေ့ရှိတယ်။ နိုင်ငံခြားသား ဧည့်သည်တွေက အဲဒီ ဘုရင်တွေကို ဗုဒ္ဓဘာသာ၊ မူဆလင် ဘာသာ စသည်ဖြင့် ထင်ရာမှတ်တမ်းရေးသွားတတ်တယ်။ ရခိုင်ရာဇဝင်မှတ်တမ်းတွေမှာလည်း တချို့ရခိုင်ဘုရင်တွေက ဘင်္ဂလား စူလတန်ရဲ့ လက်အောက်ခံ ဖြစ်ဘူးတယ်လို့ မှတ်ထားတာတွေလည်း ရှိတယ်။ ဒီတော့ ထင်လည်း ထင်ချင်စရာ ဖြစ်နေတယ်။

          Charney က ၊ ၇ ကနေ ၉ ရာစုအထိ ဝေသာလီခေတ်၊ နောက် အုပ်စုသေးလေးတွေကွဲပြီး အချင်းချင်း တိုက်နေတာက ၁၃ ရာစုအထိ၊ ၁၃ ကနေ ၁၅ က လောင်းကျက်ခေတ်၊ ၁၄၃၀ ကနေ ၁၇၈၅ ကို မြောက်ဦးခေတ် ဆိုပြီး ခေတ်လေးခေတ်ခွဲပြီး လေ့လာတယ်။ ခေတ်စားခဲ့တဲ့ ဘာသာတွေက ဟိန္ဒူ ၊ မူဆလင် နဲ့ ဗုဒ္ဓဘာသာ ( ထေရဝါဒ၊ မဟာယာန၊ တန္တရ ) တွေ ဖြစ်တယ်။

          သူက အစ္စလမ်ယဉ်ကျေးမှု ကျင့်သုံးခြင်း ( cultural islamicisation ) နဲ့ အစ္စလမ်ဘာသာကို ကိုးကွယ်ခြင်း ( religious islamisation ) ဆိုပြီး ၂ခုခွဲကြည့်တဲ့ Philip B Wagoner ရဲ့ model ကို သုံးပြီးလေ့လာတယ်။ ယဉ်ကျေးမှု တခုတည်းကိုပဲယူတယ် ဆိုရင် ဒီလက္ခဏာ ၃ ခု ရှိရမယ်လို့ သူက ဆိုတယ်၊ နိုင်ငံရေး ဗျူဟာ အရ သုံးတာ၊ လောကီရေးသက်သက် ( secular ) ပဲ ပါတာ၊ နကိုယ် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို မပစ်ပယ်တာ တွေ တွေ့ရမယ်ပေါ့။

          ထည့်စဉ်းစားတဲ့ နောက်အကျင့်တခုကတော့ ဘုရင်မှန်း သိသာအောင် အဆင့်အတန်းပြတဲ့ ပစ္စည်းတွေကို ( ကိုယ်နိုင်တဲ့လူဆီက ) အတင်း သိမ်းသွားတာ၊ ( လက်အောက်ခံဆီက ) အတင်း တောင်းတာ၊ ( နိုင်ငံခြားက ပစ္စည်းတွေကို ) ပုံတူလိုက်ကူးပြီး သုံးတာ မျိုးတွေ ဖြစ်တယ်။ ဥပမာ ရခိုင် က ပဲခူးကို ၁၅၉၉ မှာ နိုင်တော့ မင်းသုံးပစ္စည်းတွေ၊ ဆင်ဖြူတော်၊ စစ်ရှုံးတဲ့ ဘုရင်ရဲ့ သမီး၊ နန်းတော်ထဲက ( ဘုရား) ရုပ်တွေ အကုန် မ, ချ လာတာမျိုး ဖြစ်တယ်။ ပြန်ရောက်တော့ ဆင်ဖြူရှင်ဘွဲ့တောင် ခံလိုက်သေးတယ်။

          နောက် နိုင်ငံခြားက ဘုရင်စတိုင် ကို ခိုးချနေတုန်းမှာ သူမလုပ်တာ ကိုယ်လဲ မလုပ်ရဘူး။ ဥပမာ မြောက်ဦး က "ဘင်္ဂလားက စူလတန်" တွေကို အတုမယူတော့တဲ့ ၁၇ ရာစု အလယ်ပိုင်းလောက်ကျမှ မူဆလင်တွေကို နှိပ်ကွပ်တာတွေ စ လုပ်လာတယ်။ အဲဒီ အရင် က ဆို အဲဒီလောက် မလုပ်ဘူး။

          နန်းတက် ဒင်္ဂါးတွေကို ဝေသာလီ နဲ့ မြောက်ဦးခေတ်တွေမှာ တွေ့ပြီး ကြားမှာ မတွေ့ရဘူး။ ဝေသာလီ ဘုရင်တွေက ဘင်္ဂါလီ ဟိန္ဒူ စတိုင် ဘွဲ့တွေ သုံးပြီး အဲဒီနောက်ကနေ လောင်းကျက်ခေတ် အစောပိုင်းအထိမှာ ဒေသခံ နံမည်တွေကိုပဲ သုံးတာ တွေ့ရတယ်။ ဝေသာလီ စတိုင် ငုပ်သွားတဲ့ သဘောလို့ ယူဆရတယ်။

          အဲဒီနောက် အုပ်စုသေးလေးတွေကွဲပြီး အချင်းချင်း တိုက်နေတဲ့ ခေတ်မှာ ကျတော့ အင်အားကောင်းနေတဲ့ ပုဂံမင်းဆက် စတိုင်ကို ယူပြန်တယ်။ နန်းတက်ဒင်္ဂါး မထုတ်တော့ဘူး၊ ကျောက်စာတွေကို အရင် Deva-negari အက္ခရာ သုံးနေရာကနေ ပုဂံစတိုင် ဗမာစာနဲ့ ပြောင်းရေးတယ်။ အနော်ရထာ နဲ့ အလောင်းစည်သူ ကို သမီး ဆက်တာလည်း ရှိခဲ့တယ်။ အလောင်းစည်သူ လက်ထက်မှာ စစ်ရေး အကူအညီ တောင်းတာမျိုး ရှိခဲ့တယ်။ အဲဒါကို နောက်မြန်မာ သမိုင်းဆရာတွေက ရခိုင်ပြည် ပုဂံလက်အောက် တကယ်ကျခဲ့သလို ရေးတာလည်း ရှိခဲ့တယ်။ ၁၃ ရာစုမှာ ပုဂံကို တရုတ်ဖျက်လို့ ဂိန်သွားတော့ လက်ဆောင်ဘဏ္ဍာ ပေးတာ ရပ်ပစ်လိုက်တယ်။ သောက်ဂရုစိုက်စရာ မလိုတော့ဘူးဆိုတဲ့ သဘောပေါ့။

          အဲဒီနောက် မြောက်ဥိးခေတ်မှာ မူဆလင် စတိုင်ကို ယူပြန်တယ်။ အဲဒါကို ၂ မျိုး ရှင်းပြကြတယ်။ တခုက ရခိုင်က သူ့လက်အောက်ခံ စစ်တကောင်းသားတွေ နဲ့ အဆင်ပြေအောင် လုပ်ပြတာလို့ ဆိုတယ်၊ နောက်တခု က ဘင်္ဂလား စူလတန် ရဲ့ လက်အောက်ခံ ဖြစ်နေလို့ စူလတန် အကြိုက် နေပြရတာလို့ ဆိုတယ်။ အဆို နှစ်ခု စလုံးက ၂၀ ရာစု ခေတ်ကျမှ ပေါ်လာတဲ့ ဘာသာရေး နဲ့ ယဉ်ကျေးမှု လုံးဝ ဆက်စပ်နေတာမျိုးကို ရှေးတုန်းကလည်း ဒီလိုပဲ နေမှာပဲ ဆိုပြီး တွက်လိုက်မိတဲ့ အမှား ကြောင့်ဖြစ်တယ်လို့ charney က ဆိုတယ်။ သူ့ရဲ့ ကိုယ်ပိုင်အမြင်အရတော့ မြောက်ဦးခေတ် ရခိုင်ဘုရင်တွေ ကျင့်သုံးခဲ့တာ မူဆလင် ယဉ်ကျေးမှု မဟုတ်ဘူး၊ ဘင်္ဂလားနန်းတွင်း ယဉ်ကျေးမှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

                    အရှေ့အလယ်ပိုင်းဒေသ မှာ ထွန်းကားခဲ့တဲ့ နန်းမူနန်းရာ၊ နန်းတွင်းယဉ်ကျေးမှု တွေဟာ ၉ ရာစုလောက်မှာ သိပ်လူကြိုက်များလာပြိး မြေထဲပင်လယ်တဝိုက် က မူဆလင် နန်းတော်တိုင်းမှာ ဒီဓလေ့ကို အတုယူပြီး ဒေသအလိုက်ပြုပြင်သုံးလာကြတယ် ဆိုပါတယ်။

သမိုင်းအထောက်အထားတွေအရတော့ အဲဒီ ရခိုင်ဘုရင်တွေဟာ ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းကြပြီး သူတို့ဘာသာရေးပွဲတွေမှာ မူဆလင်တွေ မတက်ချင်ဘူးဆိုလည်း မတက်ပဲနေခွင့်ပြုထားတယ်။ မူဆလင် မကောင်းကြောင်းတွေပါတဲ့ ရခိုင်ရာဇဝင် စာအုပ်ထဲမှာ သူတို့ ရခိုင်ဘုရင်တွေက ကုလား ဘွဲ့အမည် သုံးတယ်ပဲ ရေးတယ်၊ မူဆလင်ဘွဲ့ ခံတယ် လို့ မရေးဘူး။ သူတို့ယူတဲ့ ဘွဲ့အမည်တွေကလည်း မူဆလင်လောက ထဲက ကြိုက်တဲ့နံမည်ကို ယူတာမျိုး မဟုတ်ပဲ၊ ဘင်္ဂလား စူလတန်တွေ သုံးတဲ့ နံမည်တွေကိုပဲ ပြန်ယူထားတာ တွေ့ရတယ်။ ပြီးတော့ မူဆလင် အစစ်သာဆိုရင် သူတို့ နန်းတက် ဒင်္ဂါးတွေမှာ မူဆလင်ဘွဲ့ တခုပဲ ထည့်ပေါ့၊ ဘာလို့ မြန်မာလိုဘွဲ့ကိုကော ထည့်ထားတာလဲ လို့ မေးစရာ ရှိတယ်။ တကယ်လို့ ရခိုင်ဘုရင်တွေက ၈ ရာစုက ဘင်္ဂလားနန်းတွင်း စတိုင်ကို ယူခဲ့ရင် ကျွန်တော်တို့က သူတို့ကို ဟိန္ဒူဘုရင်တွေလို့ ထင်ကြမယ်၊ ၁၅ ရာစုက ဘင်္ဂလားနန်းတွင်း စတိုင်ကို ယူခဲ့ရင် ကျွန်တော်တို့က သူတို့ကို မူဆလင်ဘုရင် တွေလို့ ထင်ကြမယ်။ သူတို့အတွက် တခုတည်း ( ဘင်္ဂလားစတိုင် )က ကျွန်တော်တို့ အတွက် ၂ခု ( ဟိန္ဒူ နဲ့ မူဆလင် ) လို့ မြင်စရာ ဖြစ်နေတယ်။

ဘင်္ဂလားဒေသမှာ ကိုယ်အာဏာပိုင်တာကို ပြတဲ့အနေနဲ့ ဒင်္ဂါးတွေ ထုတ်လေ့ ရှိတယ် ( ငွေကြေးရိုက်နှိပ်ခွင့် ဟာ အစိုးရမှာပဲ ရှိတယ် )။ အဲဒီ ဓလေ့ကို ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ စန္ဒ ( chandras ) မင်းတွေက စ ခဲ့တာဖြစ်တယ်။ ရာဇဝင်မှာ ဘင်္ဂလားကို မှီခို ရပါတယ်ဆိုတဲ့ နရမိတ်လှ က မူဆလင် ဘွဲ့မခံခဲ့ဘူုး။ သူ့နောက်က လူတွေကျမှ ဘွဲ့ခံတာ၊ ပါရှန်းစာနဲ့ ဒင်္ဂါး ထုတ်တာ ရှိခဲ့တယ်။ ကလီမာပါတဲ့ ဒင်္ဂါး ထုတ်တာကလည်း နံမည်ကိုက ကလီမာရှား လို့ခေါ်တဲ့ ဘစောဖြူ လက်ထက်မှာပဲ ရှိခဲ့တယ်။ ( တခြားစာတမ်း တခုမှာ စစ်တကောင်းကို သိမ်းထားနိုင်ခဲ့တဲ့ ရခိုင် ဘုရင်တွေပဲ မူဆလင်ဘွဲ့ခံတယ် လို့ တွေ့ခဲ့ရတယ် )။ ရခိုင်တွေ စစ်တကောင်းကို သိမ်းထားနိုင်ပေမယ့် တကယ့်ဝင်ငွေဖြစ်တဲ့ ရေကြောင်းကူးသန်း ရောင်းဝယ်မှုတွေကို မူဆလင် ကုန်သည်ကြီးတွေကသာ ချုပ်ကိုင်ထားတာ ဖြစ်တယ်။ charney က ဒီ မူဆလင်၊ ဘင်္ဂလား ယဉ်ကျေးမှုကို ကျင့်သုံးတာဟာ ဒီမူဆလင် ကုန်သည်ကြီးတွေနဲ့ အဆင်ပြေချင်လို့လည်း ပါမယ် လို့ သုံးသပ်ပါတယ်။

Charney က ပြန်ချုပ်ရရင် ၁၅၊ ၁၆ နဲ့ ၁၇ ရာစု အစပိုင်းလောက်က ရခိုင်ဘုရင်တယောက်ဟာ မူဆလင်ဘင်္ဂါလီ တယောက်လိုဝတ်၊ မူဆလင် ပါရှန်း နံမည်ခံပြီး ဗုဒ္ဓရုပ်ပွားကို ရှိခိုး၊ သံသရာအတွက် ပူပန်ပြီး ကိုယ်ကိုကိုယ် ဗုဒ္ဓဘာသာ လို့ ပြောတာ အဲဒီခေတ်မှာ ဘာမှ မထူးဆန်း ဘူး လို့ ပြောပါတယ်။ အဲဒီ ခေတ်က မူဆလင်ဘင်္ဂါလီ စာရေးဆရာတွေကလည်း အဲဒီ ရခိုင် ( ဘုရင်) တွေ နေတာ၊ ထိုင်တာတွေဟာ ( မူဆလင်တွေ လက်ခံတဲ့ နေပုံထိုင်ပုံ တွေနဲ့ ယှဉ်ပြီး ) တော်တော်နိမ့်တယ် ဆိုပြီး ရေးခဲ့ကြတယ်။
အဲဒီ ဘာသာရေး နဲ့ အနေအထိုင်ယဉ်ကျေးမှု ဟာ ရှေးခေတ်က အခုခေတ်လို သိပ်တွဲမထားဘူး ဆိုတာကို နားမလည်ကြလို့ မူဆလင်ရခိုင်ဘုရင်တွေ ရှိခဲ့တယ်လို့ အထင်လွဲခဲ့ကြရတာလို့ ဆိုပါတယ်။

No comments:

Post a Comment